မြန်မာနိုင်ငံဆိုင်ရာ

December 21, 2017

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ပင်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယန်ဟီးလီရဲ့ တာဝန်ထမ်းဆောင်နေတဲ့ သက်တမ်းကာလအတွင်းမှာ မြန်မာနိုင်ငံ အရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ကိုလည်း  အစိုးရက သဘောမတူခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ယန်ဟီးလီဟာ လာမယ့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို လေ့လာနိုင်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ သူက “မြန်မာအစိုးရရဲ့ ခုလိုဆုံးဖြတ်မှုအပေါ် စိတ်ပျက်ရပါတယ်။ ခုလိုပူးပေါင်း ဆောင်ရွက်မှုမရှိတာဟာ ရခိုင်ပြည်နယ်အပါအ၀င် တခြားဒေသတွေမှာပါ ဆိုးဝါးတဲ့ အ ခြေအနေတွေ ဖြစ်နေတာကို ညွှန်ပြနေတာပါပဲ”လို့ ပြောလိုက်ပါတယ်။ ယန်ဟီးလီအနေနဲ့ မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ယန်ဟီးလီရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ကနေ ၂၁ ရက်နေ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်မှုတွေ ရှိနေပြီး မျှတမှုမရှိဘူးလို့ မြန်မာအစိုးရဘက်က ပြောထားတာပါ။ နိုင်ငံအလိုက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေ ညီလာခံကို နှစ်စဉ် အစီရင်ခံစာ တင်သွင်းဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေကို တနှစ်မှာ ၂ ကြိမ် သွားရောက်ပြီး လူ့အခွင့် အရေး အခြေအနေတွေကို လေ့လာကြရတာပါ။ ယန်ဟီးလီကတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် စတင် တာဝန်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင်းကို ၆ ကြိမ်ရောက် ရှိခဲ့ပြီး ဖြစ်ကာ နောက်ဆုံးအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး အစီရင်ခံစာမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်မှုနဲ့ ပတ်သက်လို့  မြန်မာအစိုးရဘက်ကတော့ ထုတ်ပြန်မှုတစုံတရာ မရှိသေးပါဘူး။
3 years Ago
Up