မြန်မာမြားပစ်အဖွဲ့

A d v e r t i s e m e n t With Us

September 27, 2016

မလေးရှား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲတွင် မြန်မာမြားပစ်အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မည်

မြန်မာမြားပစ်အားကစားအဖွဲ့ဟာ စက်တင်ဘာ ၂၈ ရက်မှာ စတင်မယ့် မလေးရှားဖိတ်ခေါ်ပြိုင်ပွဲမှာ ကစားသမား ၄ ဦးနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဆီးဂိမ်းပြိုင်ပွဲအတွက် အတွေ့အကြုံရရှိစေဖို့ ရည်ရွယ်တာဖြစ်ပြီး ပြိုင်ဘက်နိုင်ငံတွေရဲ့ လက်ရည်အနေအထားကိုလည်း သိရှိရဖို့ ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ မြန်မာမြားပစ်နည်းပြ ဦးအောင်သူရက ပြောပါတယ်။ “ကွန်ပေါင်းကစားနည်းရယ်၊ ရီကတ်ကစားနည်းရယ် ယှဉ်ပြိုင်မှာပါ။ ကွန်ပေါင်းက အမျိုးသားတယောက်၊ အမျိုးသမီးတယောက်ပါ။ ရီကတ်က အမျိုးသားတယောက်၊ အမျိုးသမီးတယောက်။ ပြိုင်ပွဲသွားတဲ့ ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှပြိုင်ပွဲမှာ ကျနော်တို့ အမှတ်ကောင်းတဲ့ အင်ဒိုနီးရှားတို့၊ မလေးရှားတို့၊ ဗီယက်နမ်တို့ပေါ့နော်။ သူတို့ကစားသမားတွေရဲ့ အခြေအနေ သိချင်တာရယ်၊ နောက်ပြီးတော့ အရင်တုန်းက ရွှေတံဆိပ်ရှင် မယမင်းဆွေတို့ ပြန်ကစားတာ၊ သူတို့ရဲ့လက်ရည်အခြေအနေ သိချင်တာရယ်။ ကျနော်တို့ အဓိကတားဂက်ကတော့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပေါ့နော်။” အပြည်ပြည်ဆိုင်ရာ မလေးရှား ဖိတ်ခေါ်မြားပစ်ပြိုင်ပွဲမှာ အာဆီယံနိုင်ငံတွေအပြင် အာရှနိုင်ငံတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အများကြီး ပြင်ဆင်ထားတယ်လို့လည်း ၀င်ရောက်ယှဉ်ပြိုင်မယ့် မြားပစ်ကစားသမား ဆန်းယုထွေးက ပြောပါတယ်။ “ရီကတ် အမျိုးသမီး တဦးချင်းပြိုင်ပွဲနဲ့ ရီကတ်မစ်စတင်းပေါ့နော်။ အဲဒီမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခု လက်ရည်အနေအထားကတော့ ဘရာဇီးက ပြန်လာတုန်းကတော့ နည်းနည်းကျတယ်ပေါ့နော်၊ ထရိန်နင်ပျက်တာလည်းများတော့။ အခုအနေအထားမှာတော့ နည်းနည်းပြန်ကောင်းလာပါတယ်။ ပြီးတော့ ဘရာဇီးမှာ မှားခဲ့တဲ့ အမှားမျိုး မဖြစ်အောင် ကိုယ့်ဘာသာကိုယ် အများကြီး ပြင်ဆင်ထားပါတယ်။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပေါ့နော်။ အခု လာမယ့်ပြိုင်ပွဲမှာ ဘယ်သူတွေလာမယ်လို့ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့ အနေအထားအရ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။” မြန်မာမြားပစ်အားကစားအဖွဲ့ဟာ မလေးရှားဆီးဂိမ်းအကြို ပြင်ဆင်မှုတွေအနေနဲ့ တလတကြိမ် လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း သွားရောက်လေ့ကျင့်မှာပါ။ မြန်မာမြားပစ်အားကစားအဖွဲ့အနေနဲ့ ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းမှာ ရွှေတံဆိပ် ၂ ခုရဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
4 years Ago
Up