မြန်မာမြင်းစီးအားကစားအဖွဲ့ မလေးရှားဆီးဂိမ်းတွင်

March 14, 2017

မြန်မာမြင်းစီးအားကစားအဖွဲ့ မလေးရှားဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

မြန်မာမြင်းစီးအားကစားအဖွဲ့အနေနဲ့ ငွေကြေးအခက်အခဲကြောင့် မလေးရှားဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ လာမယ့် သြဂုတ်လမှာ စတင်မယ့် မလေးရှားဆီးဂိမ်းမှာ မြင်းစီးအားကစားနည်း ပါဝင်မှာဖြစ်ပေမယ့် ငွေကြေးအခက်အခဲကြောင့် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်လိုက်တာပါ။ ပြိုင်ပွဲစည်းမျဉ်းအရ မြင်းတွေ ငှားရမ်းအသုံးပြုရမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ငွေကြေးအခက်အခဲရှိတဲ့အပြင် ဆုတံဆိပ်ရဖို့ အခွင့်အရေးနည်းတာကြောင့်လည်း ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ “ကျနော်တို့နိုင်ငံ အားကစား အားလုံးက သိပြီးသားပဲ။ ဥက္ကဋ္ဌကပဲ အကုန်အကျခံစိုက်ရတာ။ ကျနော်တို့ငှားရတဲ့ မြင်းတကောင် ၂၀၀၀ ပေးရတယ်။ ပြိုင်ပွဲဘယ်နှမျိုး ဝင်မှာလဲ။ စင်ကာပူဆီးဂိမ်းမှာဆိုရင် နှစ်မျိုးရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီပြိုင်ပွဲတွေမှာ မြင်းတကောင်ကို တမျိုးပဲ သုံးရတာ။ အားကစားသမား ၄ ယောက်။ မြင်း ၄ ကောင်။ နှစ်ပွဲဝင်ရင် ၈ ကောင်။ ၈ ကောင် အမြှောက် ၂၀၀၀ ဆိုတော့ အဲဒီမှာတင် ကျနော်တို့က Cost တွေက တက်သွားပြီ။ သူတို့ စင်ကာပူကလူတွေက ဘယ်ကမြင်းစီးလဲဆိုတော့ ဂျာမနီမှာ သွားကျင့်တယ်။ စပိန်မှာ သွားကျင့်တယ်။ အဲဒါတွေနဲ့ နီးမှ ပြိုင်ပွဲဝင်တွေ ပြန်သင်တယ်။ အဲဒီပြိုင်ပွဲဝင်တွေကို ကျနော်တို့ မယှဉ်နိုင်ဘူး။ အဓိကက ငွေကြေးပေါ့နော်” လို့ မြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၄ ဒေါက်တာဆန်းထွန်းဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ လက်ရွေးစင်ကစားသမားတွေရဲ့ လေ့ကျင့်မှုကိုလည်း ရပ်နားထားပြီး မြင်းစီးအဖွဲ့ချုပ်ကိုလည်း ပြန်လည်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာမြင်းစီးအဖွဲ့က အောင်မြင်မှု ရခဲ့ပေမယ့် အစိုးရအပြောင်းအလဲကြောင့် ဦးဆောင်မယ့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ခန့်အပ်နိုင်ခြင်း မရှိသေးတာကလည်း ရှေ့ဆက်ဖို့ အခက်အခဲဖြစ်ရတယ်လို့ အဖွဲ့ချုပ် ယာယီဒု-ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။ “ဆီးဂိမ်းပြီးတဲ့နောက်ပိုင်းမှာ နည်းနည်းအားပြတ်သွားတယ်။ အန်ကယ်တို့က အမှန်ကတော့ အမြဲတမ်း အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး ပြိုင်ပွဲတွေလုပ်ရမယ့် အနေအထားမျိုး ဖြစ်တဲ့အခါကျတော့ အဲဒီမှာ အခုလက်ရှိက မလုပ်နိုင်ခဲ့ဘူးပေါ့နော်။ နောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောရရင် ခေတ်စနစ်နဲ့အညီ အစိုးရ အပြောင်းအလဲတခုမှာ ဘာဖြစ်မှန်း မသိနေတဲ့အခါကျတော့ ဆိုလိုတာက ရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့နဲ့ပဲ သွားမလား၊ ဒီအတိုင်းပဲ သွားမလားဆိုတာ အန်ကယ်တို့ မသိတဲ့အတွက် တဖြည်းဖြည်း စောင့်ရင်းစောင့်ရင်းနဲ့ အန်ကယ်တို့ အားကစားက အားနည်းသွားတဲ့ သဘောမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအနေနဲ့တော့ အန်ကယ်တို့ဖွဲ့ထားတဲ့ ယာယီအဖွဲ့ချုပ် ဖွဲ့ပြီးတဲ့အခါကျတော့ တတ်နိုင်သမျှ ပိုပြီးကောင်းမွန်လာအောင် နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးတော့ အန်ကယ်တို့ ပွဲတွေလုပ်ဖို့လည်း အဆင်သင့်လုပ်ထားပါတယ်။” မြန်မာနိုင်ငံမှာ မြင်းစီးကလပ် ၈ ခုရှိပြီး အိုလံပစ်ပြိုင်ပွဲ အဆင့်အတန်းရှိ ပြိုင်ပွဲတွေ ကျင်းပဖို့အတွက်လည်း အခက်အခဲရှိနေပါတယ်။ မလေးရှားဆီးဂိမ်းမှာ မြင်းစီးပြိုင်ပွဲကနေ အလှစီး၊ တန်းခုန်၊ ခရီးဝေးစီးနဲ့ ပိုလိုပြိုင်ပွဲ အမျိုးအစားတွေ ထည့်သွင်းကျင်းပမှာဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၇ ခု ချီးမြှင့်မှာဖြစ်ပါတယ်။
5 years Ago
Up