မြန်မာ့ရိုးရာသိုင်း စုံညီပွဲတော် မုံရွာမြို့တွင် ကျင်းပ

August 26, 2018

မြန်မာ့ရိုးရာသိုင်း စုံညီပွဲတော် မုံရွာမြို့တွင် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းအားကစားခန်းမမှာ မြန်မာ့ရိုးရာ သိုင်းပညာ ချစ်မြတ်နိုးသူများအဖွဲ့က ဦးဆောင်ပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ရိုးရာသိုင်းစုံညီပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တိမ်မြုပ်ပျောက်ကွယ်လုနီးဖြစ်နေတဲ့ မြန်မာ့ရိုးရာသိုင်းပညာတွေကို ပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ရော ထိန်းသိမ်းတဲ့အနေနဲ့ရော ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ “ကျနော်တို့ တိုင်းအတွင်းက သိုင်းချစ်မြတ်နိုးသူတွေ စုပေါင်းပြီး တိုင်းအတွင်းက သိုင်းပညာရှင်တွေကို ဖိတ်ကြားပြီး စုံညီပွဲလုပ်မယ်ဆိုပြီး လုပ်ခဲ့ကြတာ။ အခုတော့ တနိုင်ငံလုံး အဆင့်ဖြစ်သွားတာပေါ့။ ပညာရေးစုံညီပွဲတော်လုပ်တယ်။ ဒို့ သိုင်းစုံညီပွဲတော်ကော လုပ်လို့ မရဘူးလားဆိုပြီး လုပ်ခဲ့တာပါ။ ဒီပွဲက အခက်အခဲတွေလည်း ရှိပေမယ့် ပျော်စရာလည်း ကောင်း ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကလည်း တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာတာဖြစ်လို့ တတပ်တအား ပါဝင်တဲ့အနေနဲ့ လုပ်ဆောင် ကြတာပါ” လို့ သိုင်းချစ်မြတ်နိုးသူများအဖွဲ့ တာဝန်ရှိသူ ဦးတေဇာဟိန်းက ပြောပါတယ်။ ဒီမြန်မာ့ရိုးရာသိုင်း စုံညီပွဲတော်ကို အနယ်နယ်အရပ်ရပ်က သိုင်းပညာရှင်ဆရာကြီး ၅၀ ကျော်နဲ့ သိုင်းချစ်မြတ်နိုးသူ ၁၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် တိုင်းအစိုးရအဖွဲ့က ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက် အားပေးခဲ့ပါတယ်။ မြန်မာ့ရိုးရာသိုင်းပညာပြန့်ပွားဖို့အတွက် သိုင်းပညာတွေကို လည်း အခမဲ့သင်ပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာဆို ရှမ်းပြည်နယ်သိုင်းပညာပြန့်ပွားရေးကော်မတီကနေ ဦးဆောင်ကာ သိုင်းပညာသင်ပေးနေတာ ဦးပေါင်း ၃၀ ကျော်ရှိပြီး မုံရွာမြို့နယ်မှာလည်း ကိုယ်ပိုင်ကျောင်း၊ ပညာရေးကောလိပ်တို့အပါအဝင် အခြားနေရာတွေမှာ သိုင်းပညာသင်ကြားပေးနေတာ ၄၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မြန်မာ့ရိုးရာသိုင်းပညာက အခုနောက်ပိုင်းမှာ စိတ်ဝင်စားသူ နည်းပါးလာသလို လေ့လာဖော်ထုတ်ဖို့တွေလည်း လိုအပ်နေပါတယ်။ နိုင်ငံတော်အနေနဲ့လည်း သိုင်းအဖွဲ့ချုပ်တွေ ဖွဲ့စည်းလုပ်ဆောင်နေတာတွေ ရှိပါတယ်။ မုံရွာမြို့မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ သိုင်းစုံညီပွဲတော်မှာတော့ သိုင်းပညာရှင်တွေက သူတို့ရဲ့ သိုင်းကွက်သရုပ်ဖော်ပြသမှုတွေကိုလည်း ပြသခဲ့ကြပါတယ်။
3 years Ago
Up