မြန်မာ့ရိုးရာပြိုင်ပွဲများ

May 20, 2017

မြန်မာ့ရိုးရာပြိုင်ပွဲများ မပျောက်ပျက်ရန် စွန်အလှနှင့် စွန်ဖြတ်ပြိုင်ပွဲ ဘားအံတွင် ကျင်းပ

မျိုးဆက်သစ်လူငယ်တွေ မြန်မာ့ရိုးရာပြိုင်ပွဲတွေကို မမေ့လျော့အောင် ရည်ရွယ်ပြီး စွန်အလှနဲ့ စွန်ဖြတ်ပြိုင်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ မြန်မာ့ရိုးရာပြိုင်ပွဲတွေကို မမေ့လျော့အောင်နဲ့ အချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုရရှိအောင် ရည်ရွယ်ကျင်းပပေးတာလို့ ပြည်နယ်အားကစားနှင့် ကာယကော်မတီ ဥက္ကဋ္ဌ ဦးတေဇလှိုင်ထွဋ် (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) က ပြောပါတယ်။ ဒီပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ဘားအံမြို့၊ အထက (ခွဲ) (၂) ကျောင်း ဘောလုံးကွင်းမှာ ကျင်းပခဲ့ ဖြစ်ပါတယ်။ ဦးတေဇလှိုင်ထွဋ် “ကျနော်တို့က မြန်မာ့ရိုးရာပြိုင်ပွဲတွေ မတိမ်ကော မပျောက်ပျက်ရအောင်၊ နောက်မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရိုးရာပြိုင်ပွဲတွေကို မမေ့မလျော့ဖို့၊ အချင်းချင်း ရင်းနှီးချစ်ခင်မှုတွေ ပိုမိုရစေဖို့၊ ပြည်နယ် အားကစား စွမ်းဆောင်ရှင်တွေ၊ ထူးချွန်သူတွေ ပြည်နယ်ဂုဏ်ဆောင်ပေးမယ့် လူငယ်တွေပေါ်ပေါက်စေဖို့ ဒီလို ပြိုင်ပွဲတွေကျင်းပပေးတာပါ” လို့ ပြောပါတယ်။ အဆိုပါပြိုင်ပွဲမှာ ပြုလုပ်မှုသေသပ်ခြင်း၊ ပြေပြစ်လှပခြင်း၊ သဘာဝကျခြင်း၊ အချိုးအစားကျခြင်း၊ အရွယ် အစားအလိုက် အမှတ်ပေးခြင်း၊ ရိုးရာယဉ်ကျေးမှု ထုတ်ဖော်နိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုရှိခြင်းဆိုတဲ့ အမှတ်ပေး စည်းမျဉ်း သတ်မှတ်ထားကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ဌာနဆိုင်ရာအဖွဲ့အစည်း၊ ဘားအံတက္ကသိုလ် ကျောင်းသားအဖွဲ့၊ လူငယ်ဝါသနာရှင် စုစုပေါင်း ၄၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး မေ ၂၁ ရက်နေ့ထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆုတွေကိုတော့ စွန်အလှပြိုင်ပွဲဆုအနေနဲ့ ပထမဆု ကျပ် ၇ သောင်း၊ ဒုတိယဆု ကျပ် ၅ သောင်း၊ တတိယဆုကျပ် ၄ သောင်း၊ စတုတ္ထဆုကျပ် ၃ သောင်း၊ ပဉ္စမဆုကျပ် ၂ သောင်း ချီးမြှင့်မှာဖြစ်ပါတယ်။ စွန်ဖြတ်ပြိုင်ပွဲအတွက် ပထမဆုကျပ် ၁ သိန်း၊ ဒုတိယဆုကျပ် ၇သောင်း၅ထောင်၊ တတိယဆုကျပ် ၅ သောင်း၊ စတုတ္ထဆုကျပ် ၄ သောင်း၊ ပဉ္စမဆု ကျပ် ၃ သောင်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရဲမင်းခေါင်
4 years Ago
Up