မြန်မာ့ရိုးရာလက်ဝှေ့

April 19, 2017

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက် ချန်ပီယံဘွဲ့ ဆက်ထိန်း (ရုပ်သံ)

တတိယအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပြိုင်ပွဲ LETHWEI in Japan 3 GRIT မှာ လက်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက် (ကနေဒါ) က စိန်ခေါ်သူ အက်ဒမ် (ဩစတြေးလျ) ကို ၅ ချီထိုးသတ်ပြီး ပူးတွဲသရေကျကာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ သမိုင်းဝင် ပုဂံဘုရားများ ထိန်းသိမ်းပြုပြင်စောင့်ရှောက်ရေး ရန်ပုံငွေပွဲအဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုရာခုအန်း (Korakuen) မှာ ဧပြီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ချန်ပီယံ ဒေ့ဗ်ဟာ ဒုတိယအချီမှာ ညာလက်ညှိုးကျိုးခဲ့လို့ တံတောင်နဲ့ ခြေထောက်ကိုပဲ အများဆုံး အသုံးပြုခဲ့ပြီး သူ့ရဲ့ အားသာတဲ့ ညာလက်ကို အသုံးမပြုနိုင်ခဲ့ပါဘူး။ တခြား မြန်မာလက်ဝှေ့ကျော်တွေနဲ့ ပြည်ပလက်ဝှေ့သမား တွဲဆိုင်းပွဲတွေဖြစ်တဲ့ ၈၀ ကီလိုတန်းမှာ မြန်မာနိုင်ငံ ချန်ပီယံဟောင်း စောငမန်း (မြန်မာ) က တာရိုဟီကိုခူဘို (ဂျပန်) ကို လည်းကောင်း၊ ၆၅ ကီလိုတန်းမှာ သားအသဲတပွင့် (မြန်မာ) က ဟီကာရိုဟာဆူမီ (ဂျပန်) ကို လည်းကောင်း၊ ၆၀ ကီလိုတန်းမှာ ဆလိုင်းချမ်းမြေ့ကို (မြန်မာ) က ဘာဂီ (ဂျပန်) ကိုလည်းကောင်း၊ ၆၀ ကီလိုတန်းမှာပဲ ကျားဘဟိန်း (မြန်မာ) က ကိုဒီ (အမေရိကန်) တို့ကိုလည်းကောင်း အသီးသီး လက်စွမ်းပြ အနိုင်ရယူခဲ့ကြပါတယ်။ ၅၅ ကီလိုတန်းမှာ တိမ်တိုက် (မြန်မာ) နဲ့ ဟာမာမိုတိုအုတ (ဂျပန်)၊ ၆၉ ကီလိုတန်းမှာ ဖျံသွေး (မြန်မာ) နဲ့ အက်ဖရင်ဂျုရမ်ဘားစကွတ် (အမေရိကန်) တို့ ပွဲတွေမှာတော့ ၅ ချီ ရေကုန်ရေခန်းထိုးပြီး ပူးတွဲသရေကျခဲ့ကြပါတယ်။ မနေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်လည်း တက်ရောက်အားပေးခဲ့ပါတယ်။ ဂျပန်လူမျိုးတွေအကြား မြန်မာ့ရိုးရာလက်ဝှေ့အပေါ် စိတ်ဝင်စားမှု အထူးမြင့်တက်လာနေပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် Lethwei Legacy-4 ဇွန် ၁၆ ရက်နေ့ ပွဲအပြီးမှာ အမြတ်ငွေတွေကို ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်။
4 years Ago

February 17, 2017

ဖိုးကေကို အလဲထိုး အနိုင်ယူပြီး ဒေ့ဗ်လက်ဒက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံသရဖူ ကာကွယ် (ရုပ်သံ)

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ Lethwei Legacy-2 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက်က ပထမဆုံး သရဖူကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ဘက် ဒဂုံရွှေအောင်လံဆုရှင်ဟောင်း ဝါးရင်းတုတ်ဖိုးကေကို ဒုတိယအချီအတွင်း အလဲထိုး အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အရင်က မွေ့ထိုင်းကစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဒေ့ဗ်လက်ဒက်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ရယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာလက်ဝှေ့နဲ့အတူ ယဉ်ကျေးဖော်ရွေတဲ့ မြန်မာလူမျိုးတွေကို သူ့အနေနဲ့ ချစ်မြတ်နိုးပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြိုင်ပွဲအပြီးမှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်ခဲ့သူ ဖိုးကေက "ကျနော့်အနေနဲ့ အများကြီး ပြင်ဆင်ခဲ့ပေမယ့် အခုလို ရှုံးနိမ့်သွားတဲ့အတွက် မျှော်လင့်ထားကြတဲ့ ပရိသတ်ကြီးအတွက် စိတ်မကောင်းဖြစ်မိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖိုးကေက ကနေဒါနိုင်ငံသားကို အနိုင်ယူဖို့အတွက် သူ့လို ခြေတန်လက်တန် ရှည်သူကို ရှာဖွေပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ တခြားအထူးပွဲဖြစ်တဲ့ အမျိုးသမီးပွဲစဉ်မှာ ရွှေယဉ်မင်းနဲ့ ဂျပန်အမျိုးသမီး နဘန်းသမား မိုမိုကိုတို့ပွဲကတော့ ပူးတွဲသရေကျခဲ့ပြီး ဂျပန်ပရိသတ်တွေ အထူးနှစ်ခြိုက် အားပေးခဲ့ကြပါတယ်။ တခြားပွဲစဉ်တွေမှာ ဖျံသွေး(မြန်မာ) က ယာဆူယူကီ ယာမာဇာကီ (ဂျပန်) ကို ပထမအချီမှာ အလဲထိုးပြီးလည်းကောင်း၊ ရှမ်းကို(မြန်မာ) က ခိုင်ဇူကီ အိုကူဒါ(ဂျပန်) ကို တတိယအချီမှာ အနိုင်ရပြီး အသည်းတစ်ပွင့်(မြန်မာ) က ယူကီယာမာမိုတို(ဂျပန်) ကို အလဲထိုး အနိုင်ရခဲ့ကြပါတယ်။ ရာဇာ(မြန်မာ) နဲ့ ဂျပန်နိုင်ငံသား မွေထိုင်းချန်ပီယံ ကိုမူအာ(ဂျပန်) တို့ပွဲမှာ ၄ ချီ ရေကုန်ရေခန်း ထိုးသတ်ကာ ပူးတွဲသရေကျပြီး ပရိသတ် အနှစ်သက်ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်ဘက်မှ ပွဲစီစဉ်သူတွေက ပုဂံဘုရားများပြုပြင်နိုင်ရန် အလှူငွေ ယန်း ၁ သန်း ပေးအပ်လှူဒါန်းပြီး မြန်မာသံအမတ်ကြီးကိုယ်စား တိုကျို မြန်မာသံရုံး အုပ်ချုပ်ရေးအရာရှိ ဦးသန့်ဇင်က တက်ရောက်လက်ခံရယူခဲ့ပါတယ်။ သတင်း၊ ရုပ်သံ - ဇော်ဇော်လှိုင်
4 years Ago
Up