မြန်မာ့လေတပ်

July 10, 2015

ပါကစ္စတန် တိုက်လေယာဉ်များ မြန်မာဝယ်ယူမည်

မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက ဂျေအက်ဖ်-၁၇ တိုက်လေယာဉ် ၁၆ စီး ၀ယ်ယူမယ်လို့ ပါကစ္စတန်နိုင်ငံ အခြေစိုက် ဒန်ညာရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ ပါကစ္စတန်နိုင်ငံက တိုက်လေယာဉ်စီးရေ ၂ ဒါဇင်ကျော်လောက် ရောင်းချဖို့ စိတ်ဝင်စားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ ပထမအဆင့်အနေနဲ့ ၁၆ စီး ၀ယ်ယူမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ တိုက်လေယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်၊ မတ်လမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဲဒီတွေ့ဆုံညှိနှိုင်းမှုတွေမှာ တခြားနိုင်ငံတွေနဲ့ပါ ဂျေအက်ဖ်-၁၇ တိုက်လေယာဉ် ရောင်းချနိုင်ရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးရင်တော့ မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံကနေ တိုက်လေယာဉ်ဝယ်ယူတဲ့ ပထမဆုံးသောနိုင်ငံ ဖြစ်လာတော့မှာပါ။ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော် အကြီးအကဲတဦး အနေနဲ့ ပါကစ္စတန်နိုင်ငံကို ပြီးခဲ့တဲ့ မေလက ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော် အဆင့်မြင့်အရာရှိကြီးတွေနဲ့ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ရေး အပါအ၀င် စစ်တပ်အချင်းချင်း ချစ်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးခဲ့ပါတယ်။
6 years Ago

March 14, 2015

မြန်မာ့လေတပ်၏ ဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံး

မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် နေ့လယ်ပိုင်းက ဗုံးထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသား ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။ တာဝန်ရှိသူကို အပြစ်ပေးဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးဖို့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ဖြစ်အောင် ချက်ခြင်းဆောက်ရွက်လုပ်ဆောင်ဖို့ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အစောပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တလုံး ပျက်စီးသွားခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာ စစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။
7 years Ago
Up