မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း

February 26, 2018

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မင်းလှဆေးရုံကို ဆေးရုံသုံးပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး မင်းလှမြို့မှာရှိတဲ့ မင်းလှမြို့နယ်ဆေးရုံအတွက်  မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထန်းကိုင်းရေနံမြေက ဆေးရုံသုံးပစ္စည်းတွေ  ဖေဖော်ဝါရီ ၂၅ ရက်က ပေးအပ်လိုက်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လူမှုတာဝန်သိမှု (CSR) အစီအစဉ်အရ ဆေးရုံသုံးပစ္စည်းတွေ ဖြစ်တဲ့ (Operation Monitor Mechine/Suction Mechine/ECG/Air set) အရေးပေါ် အသက်ရှူစက်၊  ၅၀၀ လီတာ ရေသန့်စက်၊ လူနာခုတင်အလုံး ၂၀၊ လူနာထိုင် ခုံတန်းရှည် ၁၀ လုံးနဲ့ မင်းလှမြို့နေ ပြည်သူတွေ အသုံးပြုဖို့ ရေဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် ၂ လုံးတို့ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းက ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်ပြီး သက်ဆိုင်ရာ ဆေးရုံတာဝန်ခံနဲ့ မင်းလှမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့က လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းပြန်လည် ပေးအပ်ပါတယ်။ အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်ပြီး အမှာစကား ပြောကြားပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ထန်းကိုင်ရေနံမြေ CSR ရန်ပုံငွေ သိန်းပေါင်း ၂၂၇၇ ကျပ်ကို ကျေးရွာပေါင်း ၂၂ ရွာနဲ့  မင်းလှမြို့ပေါ်အတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
4 years Ago

January 25, 2018

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝင်ငွေခွန်အများဆုံး ပေးဆောင်

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေထဲမှာ ဝင်ငွေခွန် အများဆုံး ပေးဆောင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန်ပေးထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ဟာလည်း ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန် ပေးသွင်းထားတာပါ။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကတော့ ကျပ်သန်းပေါင်း ၂ သောင်းနဲ့ အထက် ဝင်ငွေခွန် ပေးသွင်းတယ်လို့ ဖော်ပြထားပါတယ်။ ကျပ်သန်း ၂ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ လုံခြုံရေးနဲ့ဆိုင်သော ပုံနှိပ်လုပ်ငန်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းတို့ ပါဝင်ပါတယ်။ ကျပ်သန်း ၁ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း စတာတွေ ပါနေပါတယ်။ ဝင်ငွေခွန် အလွှာတွေကို ကျပ်သန်း ၅ ထောင်အောက်၊ ကျပ်သန်း ၅၀၀ အောက်နဲ့ ကျပ်သန်း ၅၀ အောက်လို့လည်း ခွဲခြားဖော်ပြထားပါတယ်။ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး၊ တပ်မတော် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း စတာတွေကတော့ ကျပ်သန်း ၅၀ အောက် ဝင်ငွေခွန် ပေးထားတယ်လို့ ဆိုပါတယ်။ ဝင်ငွေခွန် အများဆုံး ပေးဆောင်ခဲ့တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းပေါင်း ၃၂ ခု ရှိပါတယ်။ ဓာတ်ပုံ - MOGE
4 years Ago
Up