မြန်မာ့ဘောလုံးလောက

October 21, 2018

မြန်မာ့ဘောလုံးလောက သက်ကြီး ဂါရ၀ပြုကန်တော့ပွဲ ကျင်းပ

မြန်မာ့ဘောလုံးလောကအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့တဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတွေ၊ ဒိုင်လူကြီးဟောင်းတွေ၊ ရွှေခေတ်လက်ရွေးစင်ဟောင်း သက်ကြီးဝါကြီးတွေ ဂါရဝပြုကန်တော့ပွဲကို မနေ့က  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ မြန်မာ့ထုံးတမ်းအစဉ်အလာအရ သီတင်းကျွတ်ကာလပြုလုပ်တဲ့ ဒီကန်တော့ပွဲမှာ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ချုပ်ဝန်ထမ်းတွေ၊ မြန်မာနေရှင်နယ်လိဂ်မှ ဝန်ထမ်းတွေ၊ ဘောလုံးသမားတွေက ဘောလုံးလောကက သက်ကြီးဝကြီးတွေကို ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
4 years Ago

December 2, 2016

မြန်မာ့ဘောလုံးလောက တိုးတက်ရန် နိုင်ငံတော်ပံ့ပိုးမှု လိုအပ်ကြောင်း ဦးဇော်ဇော်ပြော

မြန်မာ့ဘောလုံးလောက တိုးတက်လာဖို့ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု လိုအပ်ပေမယ့် အခြားအရေးကြီးတဲ့ကဏ္ဍတွေ ရှိနေတာကြောင့် ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အားကစားကို ကျန်းမာရေးအရတင် မဟုတ်ဘဲ နိုင်ငံ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်လို့ရတဲ့အထိ ပံ့ပိုးပေးဖို့လိုတယ်လို့လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ “လက်ရှိအနေအထားကတော့ ဘာမှ ကျနော်တို့ သီးခြားဆွေးနွေးတာ မရှိသေးဘူး။ ကျနော်လုပ်နေတဲ့ ပုံမှန် ပလန်အတိုင်းကို ကျနော်တို့ ရောက်အောင်သွားနေတယ်။ ဒီနှစ်ဆိုရင် ဆူဇူကီးက ကိုယ်အိမ်ရှင် လုပ်တယ်။ အမျိုးသမီးလိဂ်ကို ပထမဦးဆုံး ကျနော်တို့ စနိုင်အောင် ကြိုးစားတယ်။ ကျနော်တို့အနေနဲ့ ထပ်ပြီးတော့ ယူ-၁၉ ပွဲကို ကျင်းပလို့ရအောင်လုပ်မယ်။ လက်ရှိအနေအထားကတော့ သိနေတာပဲ။ ဒါပေမယ့် ဒါ့ထက် အရေးကြီးတဲ့ ကဏ္ဍတွေကို သွားနေတယ်လို့ ကျနော့်အနေနဲ့ ထင်တယ်။ မသိတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် သူတို့ ဘယ်အချိန်မှာ လုပ်ပေးနိုင်မလဲဆိုတာကတော့ နိုင်ငံတော်အပိုင်းကပဲ သိမှာပါ။ ကျနော်တို့ကတော့ တတ်နိုင်သမျှလည်း တိုက်တွန်းမယ်။ ဘာလို့လဲဆိုတော့ အားကစားကို ကျန်းမာရေးလောက်ပဲ မဟုတ်ဘဲနဲ့ နိုင်ငံ့ရဲ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်လို့ရတဲ့ အနေအထားမျိုးဖြစ်အောင်တော့ ဆောင်ရွက်သွားသင့်တယ်လို့ ထင်ပါတယ်။” မြန်မာနိုင်ငံမှာ ပြိုင်ပွဲကျင်းပလို့ရတဲ့ ဘောလုံးကွင်းတွေ ရှားပါးတဲ့အတွက် အခြေခံအဆောက်အအုံပိုင်းကို နိုင်ငံတော်ဘက်က အကုန်ကျခံ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဘောလုံးကွင်းတွေအတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ရှိဖို့ လိုအပ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ “ကျနော့်အနေနဲ့ မြို့တိုင်းမှာရှိတဲ့ကွင်းတွေကို နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ ပြန်ပြင်သင့်တယ်ပေါ့နော်။ ပြင်သင့်ပြီးတော့ ပြိုင်ပွဲကျင်းပလို့ရတဲ့ အဆင့်အထိ လုပ်သင့်တယ်။ အဓိကကတော့ စီးပွားရေးအခက်အခဲအရ ဒီကွင်းတွေပြုပြင်ဖို့ ထိန်းသိမ်းဖို့ ပြိုင်ပွဲဝင်တဲ့ အသင်းတွေအတွက် ကုန်ကျစရိတ်တွေရော ကျနော်တို့အနေနဲ့ ပံ့ပိုးဖို့ခက်တယ်။ ဒီမှာက စားဝတ်နေရေးက ပိုအရေးကြီးနေတဲ့အခါကျတော့ ဒီဘက်ကို မလှည့်နိုင်ဘူးပေါ့။ ကျနော့်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ဘတ်ဂျက်ထဲကနေပြီးတော့ တတ်နိုင်သမျှ  မြို့နယ်ကွင်းတွေ အကုန်လုံးကို ပြန်ပြင်စေချင်တယ်။ ရှိနေတဲ့ကွင်းတွေကိုလည်း ပြိုင်ပွဲကျင်းပလို့ရတဲ့အထိ အဆင့်မြှင့်ပေးစေချင်တယ်။ ကျနော်တို့ ဘောလုံးအဖွဲ့ချုပ် အနေနဲ့က နိုင်ငံတော်ဘတ်ဂျက်လည်း မရှိဘဲနဲ့ ဒီလိုမျိုး တနှစ်ကို ဒေါ်လာ ၅ သန်း၊ ၆ သန်း အကုန်ခံပြီးတော့ လုပ်ပေးနေတော့ ဒါ့ထက်လည်း ကျနော်တို့ ပိုလုပ်ဖို့ အခက်အခဲရှိတယ်။ တတ်နိုင်သမျှ Infra ပိုင်းကိုတော့ နိုင်ငံတော်ပိုင်းက လုပ်ပေးစေချင်တယ်။ ကျနော်တို့အနေနဲ့ သွားပြိုင်တဲ့စရိတ်တို့၊ လေ့ကျင့်စရိတ်တို့ နည်းပြရှာတာတို့ ဒါတွေတော့ ကျနော်တို့ဘက်က လုပ်ပေးလို့ရမယ်။ ကျနော့်အနေနဲ့ ပြောရရင်တော့ ဟန်ချက်ညီဖို့ ပြုပြင်ပြောင်းလဲလာမှုနဲ့အတူတူ ဒါတွေကို ထည့်သွင်းစဉ်းစားပေမယ်ဆိုရင်တော့ ရှေ့လျှောက် ဒါ့ထက်ပိုပြီးတော့ ဘောလုံးလောက တိုးတက်လာနိုင်တဲ့ အနေအထား ရှိပါတယ်။” မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့် ဘောလုံးပြိုင်ပွဲ လက်ခံကျင်းလို့ရတဲ့ ကွင်း ၄ ကွင်း ရှိပေမယ့် အဓိကကျတဲ့ နိုင်ငံတကာ ဘောလုံးပွဲတွေ လက်ခံကျင်းပနေတဲ့ ရန်ကုန်မြို့မှာတော့ သုဝဏ္ဏဘောလုံးကွင်း ၁ ကွင်းပဲရှိတာ ဖြစ်ပါတယ်။
6 years Ago
Up