မြန်မာ့သတင်းလွတ်လပ်ခွင့် ၁ ဆင့်တက်လာ

A d v e r t i s e m e n t With Us

May 2, 2018

မြန်မာ့သတင်းလွတ်လပ်ခွင့် အကဲဖြတ်ချက် အမှတ် ၆၀ တွင် ၂ မှတ်သာရရှိ

  မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အဖွဲ့ ၁၈ ဖွဲ့ရဲ့သုတေသနပြုချက်အရ အမှတ် ၆၀ မှာ ၂မှတ်သာရရှိခဲ့တယ်လို့  ပန်မြန်မာ ကလောင်ရှင်များအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ ပတ်သက်ပြီး အကဲဖြတ်ချက် အစီရင်ခံစာကို ဒီကနေ့ ရန်ကုန်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မနှစ်က ထုတ်ပြန်ချက်မှာတော့  မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အမှတ် ၆၀ မှာ ၈ မှတ်ရရှိခဲ့ပါတယ်။ အခုနှစ်မှာ ရမှတ်တွေ ကျဆင်းလာရတာဟာ မီဒီယာသမားတွေကိုထောင်ချတာ၊ တရား ရင်ဆိုင်နေရတာတွေကြောင့်အပြင် ပြင်ဆင်ဖို့အကြံပြုထားတဲ့ဥပဒေတွေကို အသုံးချပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို  ခြိမ်းခြောက်နေတဲ့ အချက်တွေ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအ၀င် လွှတ်တော်နဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေကိုပေးပို့သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ကျဆင်းလာနေတယ်လို့ မြန်မာ သတင်းထောက် ၂၀၀ ကို မေးမြန်းထုတ်ပြန်တဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က ကောက်ထားတဲ့ စစ်တမ်းမှာလည်း ဖော်ပြထားပါတယ်။ အလားတူ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းသမားများအဖွဲ့ RSFက ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွန်းကိန်းမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၁၇ ခုနှစ်ကထက် အဆင့် ၆ ဆင့် ကျဆင်းသွားပြီး အဆင့် ၁၃၇ မှာ ရပ်တည်နေတယ်လို့ ဖော်ပြ ပါတယ်။
3 years Ago

April 20, 2016

မြန်မာ့သတင်းလွတ်လပ်ခွင့် ၁ ဆင့်တက်လာ

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၄၄ ရှိရာကနေ အခုနှစ်မှာ အဆင့် ၁၄၃ ကို တက်လာတယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့် လေ့လာနေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းမီဒီယာ လွတ်လပ်အမှီအခိုကင်းမှု၊ ဆင်ဆာဖြတ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဖိနိပ်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့  World Press Freedom Index 2016  မှာဖော်ပြထားတာပါ။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၁၀ ပြည့်နှစ်က အဆင့် ၁၇၄ ထိ အဆိုးဆုံးကျဆင်း ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရက စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်ပြီးနောက် တဖြည်းဖြည်း ပြန်တက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်မှာတော့ အရင်အစိုးရလက်ထက်ကတည်းက နှစ်ရှည် အကျဉ်းကျခံနေရတဲ့ ယူနတီဂျာနယ် သတင်းသမားတွေကို ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ကပဲ ထောင်က  ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ့သတင်းလွတ်လွပ်ခွင့် ဒီထက်ပိုမိုတိုးတက်လာအောင် တရားစွဲခံနေရတဲ့ သတင်းသမားတွေအရေး ဆောင်ရွက်ပေးဖို့နဲ့ သတင်းသမားတွေကို ဥပဒေကြောင်းအရ အကာကွယ်ပေးဖို့တွေ အစိုးရသစ်က ဆောင်ရွက်ပေးစေချင်တယ်လို့  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။ “ယူနတီသတင်းသမားတွေ လွတ်သွားပြီးဆိုတော့ ဖမ်းဆီးခံထားရတဲ့သတင်းသမား တစ်ယောက်မှ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ တရားစွဲခံတားရတဲ့အမှုတွေတော့ ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ တချို့နယ်တွေ မှာရှိတယ်။ ကချင်ပြည်နယ်မှာ တမှုနှစ်မှုလောက်ရှိတယ်။ နောက် သတင်းသမားတွေ တစုံတရာ အန္တရာယ်ကျရောက်တာတို့ အကြမ်းဖက်ခံရတာတို့ အဲ့လိုမျိုး ဖြစ်တဲ့အခါမှာ တရားစီရင်ရေး လွတ်လပ်သလား၊ သက်ဆိုင်ရာလက်နက်ကိုင် အဖွဲအစည်းတွေ ရဲတို့ အုပ်ချုပ်ရေးတို့က အကာကွယ်ပေးသလား၊ အဲလိုမျိုးတွေက အရေးပါတယ်ပေါ့။ သတင်းသမားတွေ ကိုယ့်အလုပ်ကိုကိုယ် ပြည့်ပြည့်၀၀လုပ်ဆောင်နိုင်ဖို့ဟာ အဲဒါမျိုးတွေ လုပ်ပေးဖို့လည်း လိုတယ်။ နောက် ဥပဒေပိုင်းဆိုင်ရာကျရင်တော့ သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေစတာတွေကို ပြင်ဆင်ဖို့ဟာတွေ ပြန်သုံးသပ်ဖို့ အစိုးရသစ်က အဲဒါတွေကို လုပ်ပေးဖို့တော့လိုတယ်။” ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ  ကမ္ဘာတ၀န်းလုံးအတိုင်းအတာနဲ့  သတင်းလွတ်လပ်ခွင့် ယိုယွင်း ကျဆင်းလာနေပြီး အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေမှာ ပိုမိုဆိုးရွာလာကာ ၀ါဒဖြန့်ချိရေး ခေတ်သစ်ဖြစ်လာနေပြီလို့  RSF အဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ရဲ့ ဒီကနေ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်တန်း ၅  နိုင်ငံကတော့ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ ဒိန်းမတ်နဲ့   နယူးဇီလန်နိုင်ငံတွေ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အဆိုးရွာဆုံး အောက်ဆုံး ၅ နိုင်ငံ ကတော့ အီရီထရီးယား၊ မြောက်ကိုရီးယား၊ တခ်မန်နစ္စတန်၊ ဆီးရီးယားနဲ့ တရုတ်နိုင်ငံတွေ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ဗီယက်နမ်က အဆင့် ၁၇၅ နဲ့အဆိုးဆုံးဖြစ်ပြီး လာအိုက ၁၇၃၊ စင်ကာပူက ၁၅၄၊ မလေးရှားက ၁၄၆၊ မြန်မာက ၁၄၃၊ ဖိလစ်ပိုင်က ၁၃၈၊ ထိုင်းက ၁၃၆၊ အင်ဒိုနီးရှားက ၁၃၀ နဲ့ ကမ္ဘောဒီးယားက ၁၂၈ အသီးသီးရပ်တည်နေပါတယ်။
5 years Ago
Up