မြန်မာ့ဝူရှူးအားကစား

A d v e r t i s e m e n t With Us

November 9, 2016

ကစားသမား မျိုးဆက်ပြတ်မှုနှင့် ကြုံတွေ့နေရသည့် မြန်မာ့ဝူရှူးအားကစား

မြန်မာနိုင်ငံရဲ့ ဝူရှူးအားကစားနည်းဟာ အောင်မြင်တဲ့ ကစားနည်းတခုဖြစ်ပြီး ဆုတံဆိပ်တွေ အများအပြား ဆွတ်ခူးထားနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားမျိုးဆက်ပြတ်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားမယ်တဦးဖြစ်တဲ့ မစန္ဒီဦးက ပြောပါတယ်။ “ညီမတို့ ဒီဝူရှူးအားကစားနည်းက တခြားအားကစားနည်းတွေလိုပဲပေါ့။ တဖြည်းဖြည်းနဲ့ မျိုးဆက်ပြတ်တာလိုမျိုးတော့ ဖြစ်နေတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ တကယ့်နိုင်ငံတကာမှာ ယှဉ်ပြိုင်နေတဲ့ ညီမတို့ ဒီလိုကစားသမားတွေနဲ့ နောက် ရိုးရိုးပေါ့ လူငယ်လက်ရွေးစင်တွေ ကြားထဲမှာ အများကြီး ကွာဟမှုတွေ ဖြစ်နေတယ်ပေါ့နော်။ ကွာဟမှုတွေ ဖြစ်နေတဲ့အခါကျတော့ အများကြီး သူတို့ကို အားပေးချင်တယ်။ ကြိုးစားဖို့လည်း ပြောချင်ပါတယ်။” မျိုးဆက်ပြတ်လာမှုတွေအပြင် နိုင်ငံတကာပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ရတာ နည်းနေတယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေ များများဝင်ရောက်ယှဉ်ပြိုင်ရရင်တော့ ဆီးဂိမ်းမှာ အောင်မြင်မှု ပိုရနိုင်တယ်လို့ လက်ရွေးစင် ကစားသမားတဦးဖြစ်တဲ့ ငြိမ်းချမ်းကိုက ဆိုပါတယ်။ “မြန်မာနိုင်ငံကနေ ဝူရှူးကြားပြိုင်ပွဲဆိုတာ နည်းတယ်။ အဲဒါကြောင့် ပြိုင်ပွဲအတွေ့အကြုံ နည်းသွားတာပေါ့။ မြန်မာနိုင်ငံက ဒီဆီးဂိမ်းလောက်ပဲ အလေးထားပြီးတော့ ကြားပွဲတွေကျတော့ ဥက္ကဋ္ဌကနေ လွှတ်တာဆိုတော့ အတွေ့အကြုံနည်းတာပေါ့။ တကယ်လို့သာ ပွဲများများသွားရရင် အတွေ့အကြုံများရင်တော့ ဆီးဂိမ်းမှာ အောင်မြင်မှု ပိုရနိုင်တာပေါ့။” ဒီလို အခက်အခဲတွေ ရှိနေပေမယ့်လည်း လက်ရှိအချိန်မှာ စခန်းသွင်းလေ့ကျင့်နေတဲ့ လက်ရွေးစင် ကစားသမားတွေကတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်တွေ ရရှိဖို့ ပြင်ဆင်လေ့ကျင့်နေပါတယ်။ လက်ရွေးစင် ကစားသမားသမားတဦးဖြစ်တဲ့ အေးသစ္စာမြင့်က “ဆီးဂိမ်းကလည်း အရမ်းကြီးဝေးတယ်လို့တော့ မဟုတ်သေးပါဘူး။ အခုအခြေအနေနဲ့ဆိုရင်တော့ ပြိုင်ပွဲဝင်ဖို့အတွက် ထပ်ပြင်ဆင်နေတုန်းပေါ့နော်။ အကွက်တွေဆိုရင်လည်း အသစ်တွေလည်း လုပ်ချင်လည်း လုပ်လို့ရတယ်ပေါ့နော်။ တသမတ်တည်းထားစရာ မလိုဘူးပေါ့နော်။ အသစ်တွေလည်း ထွင်လို့ရတယ်။ အဲလိုမျိုးဆိုတော့ ဒီကြားကာလထဲမှာ ပြင်ဆင်နေတုန်းပေါ့နော်။ ဆုရနိုင်ဖို့ကကျတော့ ရွှေ၊ ငွေ၊ ကြေး သုံးခုထဲကတော့ အခုချိန်ပေါ့နော် ဒီအချိန် ဒီကာလအတွင်းတော့ အဲဒီသုံးခုတော့ ဝင်နိုင်ပါတယ်။ နီးကပ်တဲ့အချိန်ကျရင်တော့ ရွှေနဲ့တန်နေပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဝူရှူးအားကစားအဖွဲ့ဟာ နေပြည်တော်မှာရှိတဲ့ အားကစားလေ့ကျင့်ရေးစခန်း လယ်ဝေးမှာ ကစားသမား ၁ဝ ဦးနဲ့ လေ့ကျင့်ပြင်ဆင်နေပြီးတော့ ဒီဇင်ဘာလထဲမှာ ကစားသမားတွေ ထပ်မံခေါ်ယူသွားဖို့ရှိသလို နိုင်ငံခြားသားနည်းပြတွေလည်း ငှားရမ်းလေ့ကျင့်သွားဖို့ ရှိနေပါတယ်။
4 years Ago
Up