မြန်မာ့လူအဖွဲ့အစည်းကို ခြိမ်းခြောက်နေသော အကျင့်ပျက် ခြစားမှု

February 6, 2018

မြန်မာ့လူအဖွဲ့အစည်းကို ခြိမ်းခြောက်နေသော အကျင့်ပျက် ခြစားမှု

အကျင့်ပျက် ခြစားမှုများသည် မြန်မာ့လူအဖွဲ့အစည်းကို ခြိမ်းခြောက်နေသော ပြဿနာတခု ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီ အပြောင်းအလဲများ ပြုလုပ်ရာတွင်ပင် အကျပ်အတည်းကို ဖြစ်စေ၏။ အကျင့်ပျက် ခြစားမှုကို မတိုက်ဖျက်နိုင်သမျှ ကောင်းမွန်သော အစိုးရ (Good Governance) ဆိုသည်မှာ အိပ်မက်တခုသာ ဖြစ်နေဦးမည်။ ထို့အတူ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး (law Enforcement) မရှိသမျှ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆိုသည်မှာလည်း နတ်သမီးပုံပြင်တခုသာ ဖြစ်နေလေဦးမည်။ ထို့ကြောင့် အပြောင်းအလဲအတွက် ဘာလုပ်သင့်သည်၊ ဘယ်လိုလုပ်သင့်သည် ဆိုသည်ကို စဉ်းစားရန် လိုအပ်ပါသည်။ တဖန် ကောင်းမွန်သော အစိုးရ (Good Governance) သည် ပွင့်လင်းမြင်သာမှု (transparency) ကို တောင်းဆိုနေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability)  လည်း မရှိမဖြစ် လိုအပ်နေသည်။ အဆိုပါအချက်များနှင့် မပြည့်စုံပါက (Good Governance) ကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ အဂတိလိုက်စားမှုကိုလည်း ထိရောက်အောင် တိုက်ထုတ်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများသည် ထိုနယ်ပယ်သုံးခုလုံးတွင် ဖြစ်ပေါ်နေသည့်အတွက် မည်သည့်အလွှာကို စကိုင်မည် ဆိုသည်ကို ဆုံးဖြတ်ချက်ချရန် ခက်နေလေသည်။ အထက်ကစပြီး ကိုင်တွယ်သင့်သည် (သို့မဟုတ်) အောက်ကစပြီး ကိုင်တွယ်ရမည်ဆိုသည့် ပြဿနာလည်း ရှိနေသေးသည်။ အထက်မှာဖြစ်သလို အောက်မှာလည်း ဖြစ်သည့် (As Above So Below, As Below So Above) ဟူသော စကားပုံကဲ့သို့  အကျင့်ပျက် ခြစားမှုမှာ နေရာတကာ ပျံ့နှံ့နေပါသည်။ စာရေးသူအမြင် ပြောရမည်ဆိုလျှင် အထက်ကစ ကိုင်တွယ်ရမည်ဟုသာ မြင်မိပါသည်။ အောက်ခြေလူတန်းစားသည် အပေါ်ကလူများ လုပ်သည့်အတိုင်း လိုက်လုပ်နေခြင်းဟု ကောက်ချက်ချချင်သည်။ အကြီးစား ကျူးလွန်မှုများကို မကိုင်တွယ်နိုင်ဘဲ အောက်ခြေနှင့် အလယ်လွှာကို  ဖိအားပေးခြင်းဖြင့် ထိရောက်မည် မဟုတ်ပါ။ တရားမျှတမှုလည်း  ရှိမည် မဟုတ်ပါ။ ထို့ကြောင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မည်ဆိုပါက နိုင်ငံ၏ ခေါင်းဆောင်ပိုင်းက ရဲရဲတင်းတင်း တိုက်ဖျက်ရန် လိုအပ်သကဲ့သို့ အစိုးရအနေဖြင့်လည်း လုံလောက်သော သတ္တိနှင့်  နိုင်ငံရေးစိတ်ဆန္ဒ (Political will) ပြင်းပြရန် လိုအပ်လာပါပြီ။ ခေါင်းဆောင်များ၏ အခန်းကဏ္ဍ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းနေသော ပုဂ္ဂိုလ်များ (community Leaders) တွင် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရေးခေါင်းဆောင်များ၏  အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါသည်။ အကျင့်ပျက်ခြစားမှု ပြဿနာနှင့် ပတ်သက်လျှင် ခေတ်အဆက်ဆက် ခေါင်းဆောင်များကိုယ်တိုင်က လေးလေးနက်နက် မရှိခဲ့ခြင်းကြောင့် ယင်းပြဿနာသည် ယနေ့ကာလတွင် ဖြေရှင်းရခက်ခဲသည့် အဆင့်သို့ ရောက်နေရခြင်း ဖြစ်သည်။ ဥပမာ ဘာသာရေးခေါင်းဆောင်များသည် အတ္တစွဲ အကျိုးစီးပွားဖြစ်သော လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ရေးဘက်ကိုသာ ဦးစားပေးပြီး ဟောပြောနေခြင်းမျိုးထက် လူ့အဖွဲ့အစည်းအတွင်း အကျင့်ပျက် ခြစားမှုကင်းစေမည့် ကိုယ်ကျင့်တရား၊ သီလ သမာဓိတရားတို့ကိုသာ ဦးစားပေး၍ ဟောမည်ဆိုလျှင် အတိုင်းအတာတခုအထိ ကောင်းကျိုးရနိုင်ပါမည်။ အကျင့်သီလနှင့် လူ့အဖွဲ့အစည်း ကောင်းကျိုးကို ဆက်စပ်ပြီး ဟောကြားရေးသည် ဒီမိုကရေစီခေတ်အတွက် ဘာသာရေးခေါင်းဆောင်များ အထူးဝါယမ စိုက်ထုတ်ရမည့်အလုပ် ဖြစ်ပေမည်။ ထိုကဲ့သို့ ဟောကြားမှုများသည် ဘာသာရေးစာအုပ် စာပေတွင် အများအပြား ရှိနေသည်။  အကျင့်ပျက် ခြစားမှုကို  ဗုဒ္ဓမြတ်စွာကိုယ်တိုင် လုံးဝတားမြစ်ခဲ့ပြီး အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်နိုင်မည့် အကျင့်သီလတရားများကို စနစ်တကျ ဟောကြားခဲ့သည်။ ပိဋကတ်စာအုပ်စာပေများ၏ စာမျက်နှာမှန်သမျှတွင် အကျင့်သီလ ဦးစားပေးသော တရားဓမ္မများ ပါရှိနေပြီးဖြစ်ရာ ဟောကြားချင်စိတ်ရှိဖို့သာ လိုအပ်ပါသည်။ သို့သော် ဘာသာရေးဆရာများကိုယ်တိုင် အပူဇော်ခံရသည်ကို တပ်မက်နေကြလေရာ အကျင့်ပျက် ခြစားမှု ရှောင်ကြဉ်ရေးကို မဟောနိုင်တော့ဘဲ အလှူဒါနအကျိုးကိုသာ ဟောဖြစ်နေတော့သည်။ ပူဇော်လာသူက အကျင့်ပျက်သူ ဖြစ်သည်ကို သိနေပါလျက်နှင့်လည်း ထိုသူ၏ အကျင့်ပျက်မှုကို မပြောတော့ပေ။ အမှန်တွင် သာသနာရေး၊ ဘာသာရေးအတွက် လှူဒါန်းသည့်ပစ္စည်းများ သန့်စင်မှုရှိရန် လိုအပ်ကြောင်းကို ရဲရဲတင်းတင်း ပြောဆိုဆုံးမသင့်ပါသည်။ သို့မှာသာ လှူဒါန်းသူဘက်မှ အကျင့်သီလ ကောင်းမွန်မှုကို အလေးပြုလာမည်သာ ဖြစ်သည်။ ဥပမာ အင်္ဂလန်နိုင်ငံက ထုတ်သည့် (Rolls- Royce Car) ကားကို ပိုက်ဆံရှိတိုင်း ဝယ်ယူ၍ မရ။ ဝင်ငွေရလမ်း ဖော်ပြနိုင်မှသာ ကုမ္ပဏီက ရောင်းပါသည်။ ယင်းမှ တနည်းတဖုံ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ခြင်းပင် ဖြစ်သောကြောင့် နမူနာယူသင့်သည်ဟု ထင်မြင်မိပါသည်။ ပညာရေးကဏ္ဍ လက်ရှိအနေအထားကို လေ့လာကြည့်ပါက လူငယ်အများစုသည်လည်း အကျင့်ပျက်နေသာ လူကြီးများ၏ နောက်ကို ထက်ကြပ်မကွာ လိုက်နေကြသည်ကို အထင်းသား တွေ့ရပေလိမ့်မည်။ စာမေးပွဲအောင်ရန် လာဘ်ပေးခြင်း၊ အလုပ်ရရန် လာဘ်ပေးခြင်း၊ အလုပ်အကိုင်ခွင့်ရရန် လာဘ်ပေးခြင်း၊ အနည်းဆုံးအားဖြင့် ဆရာသမား၏ မျက်နှာသာပေးမှုကို ရယူလိုသည့်အတွက် လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ခြင်းများမှာ ဓလေ့ထုံးတမ်းတခုကဲ့သို့  ဖြစ်နေသည်။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက ဆရာကန်တော့ခြင်းသည် လာဘ်ပေး လာဘ်ယူ ပုံစံတခု ဖြစ်ကြောင်း အတိအလင်း သတိပေးခဲ့ဖူးသည် မဟုတ်ပါလား။  ဓလေ့ထုံးတမ်းအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းမှာ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန်အတွက် ကြီးမားသည့် အဟန့်အတားတခု ဖြစ်နေစေတော့သည်။ ယခုကဲ့သို့ စနစ်ပြောင်းလဲချိန်တွင် ကျောင်းဆရာများက အကျင့်ပျက် ခြစားမှုကို ဦးဆောင်ပယ်ဖျက်ပေးရန် လိုအပ်သည်။ ဆရာများ၏ စားဝတ်နေရေးအတွက်ကို တတ်နိုင်သလောက် ပံ့ပိုးပေးရမည့် အပိုင်းမှာ နိုင်ငံတော်အပိုင်း ဖြစ်ပါသည်။ ဘုန်းတော်ကြီးများက အကျင့်ပျက်မှု တိုက်ဖျက်ရေးကို ဟောပြောနေသည့် တချိန်တည်းတွင် ကျောင်းဆရာ ဆရာမများက အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ရှောင်ရှားသင့်ကြောင်း၊ စာမေးပွဲအောင်ချင်သည့်အတွက် ဆရာကို လက်ဆောင်ခြင်းတောင်းနှင့် လာကန်တော့ခြင်း မလုပ်သင့်ကြောင်း ပြောဆို ဆုံးမသင့်ပါသည်။ သို့မှသာ ပညာရေးနှင့်အတူ အကျင့်သီလပိုင်းပါ သင်ယူတတ်မြောက်လာမည် ဖြစ်သည်။ လူငယ်များကို အကျင့်သီလရှိအောင် ကူညီသင်ပြပေးခြင်းသည် အနာဂတ်ခေါင်းဆောင်များကို အကျင့်ပျက် ခြစားမှု ကင်းဝေးအောင် လုပ်ပေးနေခြင်းပင် ဖြစ်သည်။ အလားတူ  ပညာရေးစနစ်ကို ပြုပြင်လိုက်ခြင်းဖြင့် စာသင်ခန်းတို့က  နောက်မျိုးဆက်တို့၏ ကိုယ်ကျင့်တရားကို မြှင့်တင်ပေးနိုင်သည့် နေရာတခု ဖြစ်လာပေမည်။  အကျင့်ပျက် ခြစားမှု ကင်းစင်ရေးကို စာသင်ခန်းက အစပြုနိုင်မှ နိုင်ငံတော်အဆင့်အထိ သွားနိုင်ပေလိမ့်မည်။ နိုင်ငံရေးကဏ္ဍ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ကောင်းမွန်သော အစိုးရတရပ်ရှိရန် လိုအပ်သည့်အတွက် အစိုးရတွင် ပါဝင်သည့်သူများကိုယ်တိုင် အကျင့်ပျက် ခြစားမှု ကင်းဝေးရန် လိုအပ်သည်ကို  အထူးပြောရန် မလိုပါ။  အကျင့်ပျက် ခြစားမှုကို ရဲရဲတင်းတင်း ကိုင်တွယ်ပြမည်ဆိုပါက ဦးစွာ ဥပဒေကို ရေးဆွဲနေသော လွှတ်တော်အမတ်များကိုယ်တိုင် အကျင့်ပျက် ခြစားမှု မရှိကြောင်း  ထင်သာမြင်သာ ပြသနိုင်ရပါမည်။   အလားတူ  သမ္မတက ရွေးချယ်သဖြင့် အစိုးရအဖွဲ့အတွင်းသို့ ဝင်ရောက်လာသော ဝန်ကြီးများကိုယ်တိုင် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့ လိုပါသည်။ ယင်းကိစ္စမျိုးတွင် အဖော်ညှိနေရန် မလိုသကဲ့သို့ သိက္ခာမရှိသူများ၏ ငြိုငြင်မှုကို စိုးရွံ့နေရန်လည်း မလိုအပ်ပါ။ ယခင်အစိုးရရော၊ လက်ရှိ အစိုးရလက်ထက်တွင်ပါ ကောင်းမွန်သော အစိုးရကို ဖော်ဆောင်မည် ကြွေးကြော်ခဲ့သော်လည်း ပိုင်ဆိုင်မှု ကြေညာသည့်အဆင့်တွင်ပင် သဘောတူညီမှု မရခဲ့ပါ။ ထို့ကြောင့် ကောင်းမွန်သော အစိုးရတရပ် ဖော်ဆောင်ရေးမှာ ပုံပြင်တပုဒ်သာ ဖြစ်လာတော့သည်။ သို့သော် လက်ရှိအစိုးရသည် ဒီမိုကရေစီ နည်းလမ်းကျ လူထုက တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို  အစပြု လုပ်ဆောင်သင့်ပါသည်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ပြမည်ဆိုလျှင် အောက်ခြေ ပြည်သူလူထုအတွက် အထူးပညာပေးနေရန် လိုအပ်မည် မဟုတ်တော့ပါ။ အကျင့်ပျက် ခြစားမှုနှင့် ပတ်သက်လျှင် Transparency International က သုံးမျိုး ခွဲပြထားသည်။ ပထမသည် ထိပ်တန်းအရာရှိများ ကျူးလွန်သည့် အကျင့်ပျက် ခြစားမှု၊ (Grand Corruption) ဖြစ်ပြီး ဒုတိယမှာ အလယ်လွှာနှင့် အောက်ခြေတွင် ဖြစ်လေ့ရှိသော (Petty  Corruption) ဖြစ်သည်။ နောက်ဆုံးအမျိုးအစားမှာ Political Corruption နှင့် Policy corruption တို့ဖြစ်ပြီး အထူးသဖြင့်  မြန်မာလူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ဆရာမွေး၊ တပည့်မွေး လုပ်ဆောင်မှု (Clientalism) လည်း Political Corruption တွင် အကျုံးဝင်နေသည်ကို တွေ့ရသည်။ ခေါင်းဆောင်ပိုင်းကသာ အကျင့်ပျက် ခြစားမှုကို အင်တိုက်အားတိုက် ဆန့်ကျင်ပြမည်ဆိုလျှင် ယင်းကဲ့သို့ ဆရာမွေး တပည့်မွေးပြီး ဂိုဏ်းဖွဲ့ ကျူးလွန်သည့် အကျင့်ပျက်မှုများ ပျောက်ကွယ်သွားပါလိမ့်မည်။ တပ်မတော် အကျင့်ပျက် ခြစားမှုသည် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင် ဓလေ့ထုံးတမ်းကဲ့သို့ ဖြစ်လာသည့်အတွက် ခေါင်းဆောင်ပိုင်းက စတင်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ရန် မဖြစ်မနေ လိုအပ်နေသည် ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် ခေါင်းဆောင်သည့် အခန်းကဏ္ဍက နှစ်ပေါင်းများစွာ နေရာယူခဲ့သည့် မြန်မာ့တပ်မတော်အနေနှင့် အထူးတာဝန်ရှိသည်ဟု ဆိုချင်သည်။  စည်းကမ်းအစ စာသင်ခန်းနှင့် စစ်တပ်က ဟူသော ကြွေးကြော်သံမှာ ယနေ့အချိန်တွင် လေးနက်စွာ လက်တွေ့ဖော်ဆောင်ရမည့်အရာ ဖြစ်ပေသည်။ တပ်မတော်ကိုယ်တိုင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်နေကြောင်း လူတိုင်းသိအောင် လုပ်ဖို့ လိုပါသည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်လောက်က  တပ်မတော်၏ နယ်မြေအတွင်းသို့ ဝင်ရောက်ပါက  လက်ဆောင်ပစ္စည်း မယူရ ဆိုသည့် အသံကို ကြားခဲ့ရဖူးသည်။ စစ်ဆေးရေးဂိတ်များတွင် လက်ဆောင်ခြင်းများ တွေ့လျှင် အတွင်းသို့ သယ်ယူခွင့်မပြုဘဲ တားမြစ်ပိတ်ပင်သည့် သတင်းများလည်း ကြားရသည်။ ယင်းမှာ ကောင်းမွန်သည့် ကိစ္စတရပ် ဖြစ်သည့်အတွက် လေးလေးနက်နက် လုပ်လာကြမည်ဆိုလျှင် အကျင့်ပျက် ခြစားမှု ပပျောက်ရေးအတွက် လှုပ်ရှားမှုတခု ဖြစ်လာနိုင်သည်။ ယင်းသို့ ဘာသာရေး ခေါင်းဆောင်များ၊ စာသင်ကျောင်းများ၊ လက်ရှိအစိုးရအဖွဲ့နှင့် တပ်မတော်ပါ ပါဝင်လာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးသည် အမျိုးသားလှုပ်ရှားမှုကြီးတခု ဖြစ်လာပေလိမ့်မည်။ ပြည်သူလူထုကလည်း တခဲနက် ပူးပေါင်း ပါဝင်ပေလိမ့်မည်။ ခေါင်းဆောင်များနှင့် ဦးဆောင်အဖွဲ့အစည်းများက စတင်လုပ်ဆောင်မှု မရှိလျှင် ပြည်သူလူထုက ပါဝင်မည်မဟုတ်။ ပြည်သူလူထု မပါဝင်သမျှ အကျင့်ပျက် ခြစားမှုသည် ပပျောက်ရန် မဆိုထားနှင့် လျော့ပါးရန်ပင် မဖြစ်နိုင်ပါ။ စီးပွားရေးကဏ္ဍ Transparency International က ထုတ်ပြန်ထားသည့် Corruption Perceptions Index 2015 တွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံ၏ နိုင်ငံအလိုက် ရရှိသော အဆင့်များကို ဖော်ပြထားသည်။ ထိုအထဲတွင် ၂၀၁၅ ခုနှစ်၏ အကျင့်ပျက် ခြစားမှု အနည်းဆုံးနိုင်ငံသည် ဒိန်းမတ်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၁၄၇ တွင် ရှိနေခဲ့သည်။ ၂၀၁၆ ခုနှစ် စာရင်းတွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် မြန်မာနိုင်ငံက ၁၃၆ အဆင့်သို့ ရောက်ရှိလာသည့်အတွက် ၂၀၁၅ ထက် တိုးတက်လာသော်လည်း အကျင့်ပျက် ခြစားမှုနှင့် ပတ်သက်ပါက မြန်မာ့လူ့အဖွဲ့အစည်းသည် များစွာ ရုန်းကန်ရပါဦးမည်။ အကျင့်ပျက် ခြစားမှု ကင်းစင်လာမှသာ  နိုင်ငံတကာညွန်းကိန်း (international Index) တွင် မျက်နှာပန်း လှလာမည်။ သို့မှသာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာလည်း ရဲရဲတင်းတင်း ဝင်လာပါမည်။ ဆင်းရဲမွဲတေမှု အလုပ်အကိုင် ရှားပါးမှုများကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားမည်။ အန်အယ်လ်ဒီအစိုးရက ၂၀၁၆ ခုနှစ် ဇူလိုင်လက ချမှတ်ထားသည့် စီးပွားရေး မူဝါဒတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး (National Recouncilation) ဆိုသည့် အချက် ပါနေသည်။ ယင်းအချက်သည် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို ဟန့်တားနေသော ကြီးမားသည့် အတားအဆီးတခု ဖြစ်နေသည်ကို သတိပြုရန် လိုအပ်ပါသည်။ လေ့လာ သုံးသပ်သူများကမူ အမျိုးသားပြန်လည်သင့်မြတ်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့အတွက်သာ ဖြစ်သင့်ပြီး ခြစားမှု တိုက်ဖျက်ရေးမှာ ကောင်းမွန်သော အစိုးရတရပ် ဖော်ဆောင်ရေးအတွက် ဖြစ်သဖြင့် ပေါ်လစီနှစ်ခု မရောထွေးသင့်ကြောင်း သုံးသပ်ကြသည်။ ဥပဒေပြင်ဆင်ရေး အန်အယ်လ်ဒီအစိုးရလက်ထက်တွင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်မည်ဆိုပါက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အတည်ပြုခဲ့သော အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဥပဒေ (Anti–corruption Law) ကို ပြင်ဆင်သင့်ကြောင်း သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း  သုံးသပ်မှုလည်း ရှိပါသည်။ အချို့က ယင်းဥပဒေနှင့် အတူ ဆက်စပ်ဥပဒေများကိုပါ ပြင်သင့်သည်ဟုပင် မြင်ကြသည်။ ဥပမာအားဖြင့် ဗျူရိုကရေစီယန္တရားထဲတွင် နစ်နစ်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ခြစားမှုကို ဖော်ထုတ်ဖို့ရန်ဆိုပါက (Access to Information law) ကို ပြဋ္ဌာန်းနိုင်ရန် လိုအပ်ပါသည်။ လက်ရှိအခြေအနေတွင် သတင်းအချက်အလက် သိရှိပိုင်ခွင့် (Access to information) သည် သာမန်ပြည်သူများအတွက် မဆိုထားနှင့်၊ ဝန်ကြီးဌာနတခုနှင့်  တခုကြားတွင်ပင် ဝေဝါးနေဆဲ ဖြစ်သည်။ ထို့အတူ ခြစားမှု တိုက်ဖျက်ဥပဒေသည် ခရိုနီများနှင့် တချိန်က အာဏာရှိသူများ၏ အကျိုးစီးပွားကို ကာကွယ်ထားကြောင်းနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ယင်းကဲ့သို့ အကျိုးစီးပွားကာကွယ်သည့်  ဥပဒေပေါင်း ၂၃၂  ခုကို အသစ်ပြန်လည်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားခဲ့ကြောင်းလည်း သိရသည်။ ယင်းမှာ အစိုးရသစ်အတွက် ခေါင်းခဲရသည့် ပြဿနာ ဖြစ်နေသည်။ ခြုံငုံဆက်စပ်ကြည့်ပါက အကျင့်ပျက်ခြစားမှုသည် မြန်မာ့နယ်ပယ်အသီးသီးကို  ကူးစက်ပျံ့နှံ့နေသည့် အချက်ကို လက်ခံရန် လိုအပ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုဟူသော မျက်နှာဖုံးကို စွပ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို ချည့်နဲ့ပျက်စီးအောင် လုပ်နေသည်ကို မြင်ရန်လိုပါသည်။ စာသင်ခန်း၊ ဓမ္မာရုံမှ စ၍ ရုံးခန်းများ တရားရုံးများအထိ လွှမ်းမိုးနေသည်ကို သိရန်လိုပါသည်။ ယင်းကဲ့သို့ ကူးစက်ရောဂါသဖွယ် ဒုက္ခပေးနေသည်ကို မြင်ပြီး အားလုံး တာဝန်ရှိသည်ဟု ခံယူရန်လည်း လိုသည်။ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များက အစပြုရမည် ဆိုသည်ကိုတော့ နောက်ဆုံးအကြိမ် ထပ်မံပြောလိုပါသည်။ အပေါ်မှာ ဖြစ်သည့်အတိုင်း အောက်မှာ ဖြစ်နေရသည့် နိယာမ ( As Above So Below) ကို မမေ့ဖို့  ဖြစ်ပါသည်။    ။ ယမင်းမြတ်အေး
3 years Ago
Up