မြန်မာ့လက်ရွေးစင်အသင်း

July 26, 2019

ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်း ၃ ဆင့်မြင့်တက်

ကမ္ဘာ့နိုင်ငံအသီးသီးက လက်ရွေးစင် ဘောလုံးအသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းက အဆင့် ၃ ဆင့် မြင့်တက်လာခဲ့ပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ဇွန်လက ကမ္ဘာ့အဆင့် ၁၃၈ မှာ ရပ်တည်ခဲ့ပြီး အခုလမှာတော့ ၁၃၅ မှာ ရပ်တည်နေပါတယ်။ အာဆီယံမှာတော့ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၉၇ နဲ့ အမြင့်ဆုံးအဖြစ် ရပ်တည်နေပြီး ထိုင်းက ကမ္ဘာ့အဆင့် ၁၁၅၊ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၆၊ မြန်မာက ကမ္ဘာ့အဆင့် ၁၃၅ မှာ ရပ်တည်နေတာပါ။ အဲဒီနောက်မှာတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။ အာရှအဆင့်မှာတော့ အီရန်အသင်းက ကမ္ဘာ့အဆင့် ၂၃ နဲ့ အာရှမှာ နံပါတ်တစ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး သူ့နောက်မှာ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ကာတာတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။ ကမ္ဘာ့အဆင့်မှာတော့ ဘယ်လ်ဂျီယံအသင်းက နံပါတ် ၁ နေရာမှာ ဆက်လက်ရပ်တည်နေပြီး သူ့နောက်မှာ ဘရာဇီး၊ ပြင်သစ်၊ အင်္ဂလန်၊ ဥရုဂွေး၊ ပေါ်တူဂီ၊ ခရိုအေးရှားတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။ ကမ္ဘာ့အဆင့် ၁၀ အတွင်းမှာတော့ ကိုလံဘီယာ၊ စပိန်၊ အာဂျင်တီးနားတို့ ပါဝင်လာပေမယ့် ဂျာမနီကတော့ အဆင့် ၁၅ အထိ ကျဆင်းသွားပါတယ်။
2 years Ago

June 12, 2019

ကျော်ကိုကို၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာအသင်းက စင်ကာပူကို အနိုင်ရ (ရုပ်သံ)

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဇွန်လ ၁၁ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ရာဂျူလိုဗစ်အတွက် အဖွင့်လှပခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ တိုက်စစ်မှူး ကျော်ကိုကိုက အောင်သူရဲ့ ပေးပို့မှုကနေ အနီးကပ် ကန်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပွဲချိန် ၂၅ မိနစ်မှာ စင်ကာပူတိုက်စစ်မှူး ဂါဘရီယယ်ကွက်ခ်က ချေပဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ကျော်ကိုကိုကပဲ ဂိုးသမားနဲ့အတွေ့မှာ ကန်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ စင်ကာပူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူတွေ အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ မြန်မာနည်းပြ မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ်အတွက် လက်ရွေးစင်အသင်းနဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရခဲ့လို့ အဖွင့်လှခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
2 years Ago
More News
Up