မြန်မာ့လက်မှုလုပ်ငန်း

December 21, 2015

ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်ထွန်းကားဖို့လိုနေတဲ့ မြန်မာ့လက်မှုလုပ်ငန်း

မန္တလေးမြို့မှာ ရှေးအစဉ်လာ ရိုးရာဓလေ့ကို အခြေခံ လုပ်ကိုင်နေတဲ့ လက်မှုလုပ်ငန်းတွေဟာ တနေ့တခြား လျော့နည်းလာပြီး စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ လက်မှုလုပ်ငန်း ပညာရှင်တွေက ဆိုပါတယ်။ မြန်မာ့လက်မှုလုပ်ငန်း တွင်ကျယ်လာရင် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်ပေမယ့် ရိုးရာလက်မှုလုပ်ငန်း အများစုဟာ ကမ္ဘာ့ဈေးကွက်ထိုးဖောက်ဖို့ နှောင့်နှေးနေသလို ပြည်တွင်းဈေးကွက်မှာပါ ရေရှည်ရှင်သန် ရပ်တည်ဖို့ ခက်ခဲနေတဲ့ ပန်း ၁၀ မျိုး လုပ်ငန်းထဲကနေ တချို့ကို ဖော်ပြသွားပါမယ်။ စက်ပစ္စည်းပျက်တွေနဲ့ ရပ်တည်နေတဲ့ ကြေးသွန်းလုပ်ငန်း ကြေးသွန်းလုပ်ငန်းရဲ့ ဈေးကွက်ခြိမ်းခြောက်မှုက ကြေးကုန်ကြမ်းနဲ့ ပြည်ပဈေးကွက်ဝင်တိုးဖို့ ခွင့်ပြုခွင့်လမ်းကြောင်းပါ။ ပြည်တွင်းမှာ ကြေးနီတောင်က ကြေးနီကို ပြည်တွင်းလုပ်ငန်းရှင်တွေ အသုံးပြုလို့မရဘဲ စက်ပစ္စည်းပျက် ကြေးနီကိုသာ အသုံးပြုနေရပါတယ်။ ၁၀ စုနှစ်ကျော်ကြာတဲ့အထိ ကြေးရုပ်တုလုပ်ငန်းတွေမှာ အလုပ်သမားအခက်အခဲနဲ့ ကုန်ကြမ်းရရှိမှုတွေက ခြိမ်းခြောက်မှုတခုအနေနဲ့ တည်ရှိနေတာပါ။12362746_874999579284960_6346941415746626419_o "ကြေးလုပ်ငန်း တိုးတက်ဖို့ အစိုးရက ကုန်ကြမ်းဖောဖောသီသီ ချပေးတာ၊ အခက်ခဲမရှိ ၀ယ်လို့ရရင် ပိုပြီး အဆင်ပြေတာပေါ့" လို့ နှစ် ၄၀ အတွေ့အကြုံရှိ ကြေးသွန်းပညာရှင် ဦးဖိုးရီက ပြောပါတယ်။ ပြည်တွင်း ကြေးသွန်းရုပ်တွေရဲ့ ဈေးနှုန်းက အရွယ်အစား လက်ရာအနုစိတ်မှုနဲ့ သုံးစွဲတဲ့ ကြေးဝါ ကြေးနီအပေါ် မူတည်နေပါတယ်။ အခုအခါမှာ အိမ်နီးချင်းနိုင်ငံက ကြေးလုပ်ငန်းတွေနဲ့ ဈေးကွက်အပြိုင် လုပ်နေရတယ်လို့ မိဘလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ကြေးသွန်းလုပ်ငန်းရှင်က ဆိုပါတယ်။ "ဒီမှာက မြေနီနဲ့ပဲ အဆင့်ဆင့်သွားပြီး တဖြည်းဖြည်းချင်းလုပ်ရတာ။ ထိုင်းမှာက မိုနဲ့လုပ်တော့ မြန်တယ်။ အရုပ်အသေးလေးတွေက လုပ်နိုင်တယ်။ ဒီမှာ အဲ့လောက်အသေးလေးတွေလုပ်ရင် အလုပ်သမားစရိတ်နဲ့ မသက်သာဘူး။ ကြေးကုန်ကြမ်းကလည်း အခက်ခဲရှိတယ်" လို့ ပြောပါတယ်။ ပြည်ပ ကြေးသွန်းရုပ်တုထက် ပြည်တွင်း ကြေးသွန်းလုပ်ငန်းမှာ အားသာချက်က လက်မှုပညာ အနုစိတ်နိုင်တာနဲ့ ကြေးရုပ်တုတွေကို အရောင်တင်နိုင်တာတွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စိတ်ဝင်စားမှု လိုအပ်နေတဲ့ ပန်းချီ 12357138_874998179285100_2152898962987725671_oပြည်တွင်းပန်းချီ ဈေးကွက်တွေ ရောင်နီသန်းလာပေမယ့် ကမ္ဘာ့ဈေးကွက် ထိုးဖောက်ဖို့က ငွေကြေးတတ်နိုင်တဲ့ ပန်းချီဆရာတွေအတွက်သာ အခွင့်အလမ်းရှိတာကြောင့် ပန်းချီလောက တိုးတက်ဖို့ နိုင်ငံတော်ရဲ့ ပူးပေါင်းမှုက အဓိကကျတဲ့ အချက်ထဲမှာ ပါဝင်နေပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ပန်းချီရေးဆွဲနေတဲ့ ပန်းချီပညာရှင် ခင်မောင်သန်း(မန္တလေး) က "သတင်းစာ နေ့တိုင်းဖတ်တယ်။ အစိုးရနဲ့ အနုပညာရှင်နဲ့၊ ဇာတ်သဘင်နဲ့၊ အစိုးရနဲ့ စာပေနဲ့သာရှိတယ်။ အစိုးရနဲ့ ပန်းချီပညာရှင်တွေ တွေ့ဆုံတယ်ဆိုတာ မရှိဘူး။ နောက်ပြီး အစိုးရက ပန်းချီဈေးကွက် လုပ်ပေးလို့ ရပါတယ်။ ရတနာကုန်သည်တွေ အရောင်းဆိုင် ပွဲတွေမှာဆို ပန်းချီကား ဘယ်လောက်ဆို လေလံတင်ရောင်းရင် ပန်းချီဈေးကွက်တခု ပေါ်လာမှာပေါ့။ အခုက အစိုးရက ပန်းချီကို စိတ်ကို မ၀င်စားတာ" လို့ ပြောပါတယ်။ မန္တလေး ပန်းချီဈေးကွက်မှာ ပန်းချီကားတချပ်ကို အနည်းဆုံး ကျပ် ၅ သောင်းကနေ ကျပ်သိန်းဆယ်ဂဏန်းထိ ရှိပါတယ်။ လတ်တလော ပန်းချီဈေးကွက်မှာတော့ ပြည်ပက ၀ယ်လက်ထက် အောင်မြင်သူတွေရဲ့ ပန်းချီလက်ရာနဲ့ နာမည်ရ ပန်းချီဆရာတွေရဲ့ လက်ရာကို စုဆောင်းဝယ်ယူနေတဲ့ ပြည်တွင်းဝယ်လက်က သွက်နေပါတယ်။ ကျောက်ဆစ်အရည်အသွေး လျော့နည်းမှုနဲ့ ကျောက်တောင်ပြုန်းတီးမှုရဲ့ ရလဒ် ပန်းတမော့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျောက်ဆစ်လုပ်ငန်းမှာ စကျင်ကျောက် ပြုန်းတီးမှု အန္တရာယ်နဲ့ ကြုံတွေ့နေတယ်လို့ စကျင်တောင်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။ 12366142_874998422618409_581554665466454395_o"လုပ်ပိုင်ခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေပေါင်းတယ်။ ဧကအများကြီး ယူထားလို့ ဒေသခံတွေ နိုင်ငံခြား အိတ်စ်ပို့စ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆို ဒီကုမ္ပဏီတွေက အိတ်စ်ပို့စ်နဲ့ ပတ်သက်တာတွေကို ချုပ်ကိုင်သွားကြတယ်" လို့ စကျင်တောင်ရွာ ကျောက်ဆစ်ထုလုပ် ပညာရှင် ဦးစိုးဝင်းက လက်ရှိအခြေအနေကို ဆိုပါတယ်။ စကျင်တောင်မှာ အစိုးရခွင့်ပြုထားတဲ့ ကုမ္ပဏီတချို့က လုပ်ပိုင်ခွင့်နဲ့ စကျင်ကျောက်တွေကို အပိုင်းလိုက်ခွဲပြီး တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့နေတာတွေ ရှိပါတယ်။ စကျင်တောင် ဒေသခံ ကျောက်ဆစ်လုပ်ငန်းရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ လုပ်ပိုင်ခွင့် ကုမ္ပဏီတွေက ပြည်ပကို ကုန်ကြမ်းအနေနဲ့ တိုက်ရိုက်တင်ပို့တာကြောင့် ပြည်တွင်းအလုပ်အကိုင် ရှားပါးလာသလို ကျောက်သားကို အပိုင်းခွဲဖြတ်တောက်မှုကြောင့် စကျင်ကျောက် အရည်သွေးတွေ ပျက်စီးတာတွေ များလာပြီး ကျောက်တောင်ပြုန်းတီးမှုတွေအထိ ဖြစ်လာပါတယ်။ ပြည်ပဈေးကွက် ၀င်နိုင်ဖို့က ကျောက်အရည်သွေးကောင်း ရရှိဖို့အတွက် အစိုးရ ပူးပေါင်းကူညီမှုတွေ လိုအပ်နေပါတယ်။ လက်ရှိ ကျောက်ဆင်းတုရုပ်တုတွေရဲ့ ဈေးနှုန်းဟာ သုံးစွဲရတဲ့ ကျောက်အမျိုးအစားပေါ်မူတည်ပြီး ဈေးကွက်ဖြစ်တည်နေပါတယ်။ ပြည်ပဧည့်သည်အများစုဟာ ကျောက်တုရုပ်ငယ်တွေကို အ၀ယ်များပြီး အော်ဒါမှာယူရင် ၄ ပေ ၅ ပေတွေကို အ၀ယ်များပါတယ်။ ပြည်တွင်းဝယ်လက်အများစုက ၃ ပေခွဲအရွယ် ဗောဓိရုပ်ပွားတော်တွေဖြစ်ပြီး တဆူကို ကျပ် ၃ သောင်းခွဲ ရှိပါတယ်။ စိတ်ဝင်စားခံရပေမယ့် ကမ္ဘာ့ဈေးကွက်မရှိတဲ့ ရွှေခြည်ထိုး ကမ္ဘာလှည့်ခရီးသွားတွေက စိတ်ဝင်စားသလို ပြည်တွင်းဈေးကွက်ရှိနေတဲ့ မြန်မာ့ ရွှေခြည်ထိုး လုပ်ငန်းဟာလည်း နိုင်ငံတကာမှာ ဈေးကွက်တန်းဝင်အောင် ဆောင်ရွက်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ 12363041_874998035951781_7291333585410703826_o"ပွဲလမ်းတွေမှာ culture exchange (ရိုးရာယဉ်ကျေးမှုဖလှယ်တာ) တွေ ရှိတယ်လေ။ ပထမ အရှေ့တောင်အာရှကို ထိုးဖောက်နိုင်ရင် တစတစ ထိုးဖောက်နိုင်မှာပါ။ ဒါပေမယ့် ရွှေချည်ထိုး လုပ်ငန်းရှင်ကြီးတွေချည်းပဲ မဖြစ်ဘူးပေါ့။ ဘာတွေလိုမလဲဆို နိုင်ငံတော် ပံ့ပိုးကူညီမှု၊ ခရီးသွားဧည့်သည်တွေကိုသိအောင် အဖွဲ့စည်းတွေက လုပ်ပေးရင် ထိုးဖောက်မှု မြန်ဆန်မှာပေါ့။" လို့ ရွှေခြည်ထိုးနှင့် အနုပညာအရောင်းပြခန်း လုပ်ငန်းရှင် ဦးစိန်မြင့်က ရွှေခြည်ထိုးလုပ်ငန်း တိုးတက်ဖို့ လိုအပ်ချက်တွေကို ပြောပြပါတယ်။ အိမ်တွင်းအလှဆင်ဖို့အတွက် အခေါက်အသိမ်းလွယ်တဲ့ ရွှေခြည်ထိုး ပန်းချီကားချပ်ကြီးတွေ ပြည်ပက အမှာတချို့ ရှိပါတယ်။ ဒါပေမယ့် ပြည်တွင်းလာ နိုင်ငံခြားသားဧည့်သည်တွေက အသေးစား လက်ဆောင်ပစ္စည်းဈေးကွက်နဲ့သာ ဖြစ်တည်နေပါတယ်။ နောက်ပိုင်းမှာ ရွှေခြည်ထိုး လက်မှုလုပ်ငန်းဈေးကွက်ကြီး ပြည်တွင်းမှာ တွင်ကျယ်လာသလို ပြည်ပဈေးကွက်ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ ရွှေခြည်ထိုးလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ပြည်တွင်းက ရိုးရာလက်မှုပညာလုပ်ငန်း အများစုကတော့ နည်းပညာ၊ ကုန်ကြမ်းအခက်ခဲနဲ့  အလုပ်သမား ရှားပါးမှုတွေဟာ ဈေးကွက်ထိုးဖောက်ဖို့ရန်အတွက် အဓိက ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာ့လက်မှုပညာလုပ်ငန်း တိုးတက်ဖို့ဆိုရင်တော့ နိုင်ငံတော်အစိုးရရဲ့ ပူးပေါင်းပါဝင်ဖို့က အဓိက လိုအပ်နေတယ်လို့ လုပ်ငန်းရှင်တွေက  သုံးသပ်ပြောဆိုနေကြပါတယ်။
7 years Ago
Up