မြန်မာ့ပုလဲလုပ်ငန်းဥပဒေနှင့် စီးပွားရေးအမြင်

May 27, 2018

မြန်မာ့ပုလဲလုပ်ငန်းဥပဒေနှင့် စီးပွားရေးအမြင်

  တွင်းထွက်သယံဇာတ မဟုတ်သော ပုလဲ ပုလဲသည် သဘာဝတွင်းထွက်သယံဇာတ မဟုတ်ပါ။ ဓာတ်ခွဲခန်းတွင်သားဖောက်ရရှိ သောမုတ်ကောင်ငယ်များကို ကြီးထွားအောင်(၂) နှစ်ခန့်ပင်လယ်ရေပြင်တွင်ချထား မွေးမြူ   ပြီးနောက် ဝတ်ဆံသွင်း၍ဆက်လက်မွေးမြူ ခြင်းဖြင့် ပုလဲထုတ်လုပ် ရရှိခြင်း ဖြစ်ပါသည်။ ပုလဲထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတကာတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနအောက်တွင်သာ ရှိပါသည်။ တွင်းထွက်သယံဇာတများနှင့် သက်ဆိုင်သော  သတ္တုတွင်း ဝန်ကြီးဌာနအောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင်လည်း နဝတအစိုးရ လက်ထက်မတိုင်မီအထိ ပုလဲနှင့်ငါးလုပ်ငန်းအဖြစ် မွေး/ရေဝန်ကြီးဌာန အောက်တွင်သာ ရှိပါသည်။ ကျောက်မျက်ရတနာပြပွဲ (Emporium) တွင် ပုလဲများ တင်သွင်းရောင်းချခြင်းနှင့် ပတ်သက်ပြီး နဝတအစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာနသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။ ပုလဲနှင့် PSC စနစ် နဝတအစိုးရ စတင်တာဝန်ယူစဉ်သတ္တုတွင်းဝန်ကြီးသည် စွမ်းအင်ဝန်ကြီးဌာနကိုပါ တွဲဖက်တာဝန်ယူရသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သော လုပ်ငန်းတွင် ကျင့်သုံးသော ထုတ်လုပ်မှုကုန်ကျစရိတ် ဖယ်ပြီးနောက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော (Production Sharing Contract -PSC) စနစ်ကို သတ္တုတွင်းတွင် တိုက်ရိုက်ကူးယူ ကျင့်သုံးခဲ့ပါသည်။ အရေးကြီးသောသယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း အပေါ်တွင်လည်းကောင်း၊ တွင်းထွက်သယံဇာတများဖြစ်သည့် သတ္တုနှင့်ကျောက်စိမ်း၊ ကျောက်မျက်၊ရွှေ တို့အပေါ်တွင်လည်းကောင်း ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော (PSC) စနစ်ကိုကျင့်သုံးခြင်းသည် မြန်မာနိုင်ငံကဲ့သို့ သယံဇာတအပေါ် အဓိကဝင်ငွေအဖြစ် မှီခိုနေရသော နိုင်ငံတစ်ခုအနေဖြင့် မှန်ကန်သော်လည်း သယံဇာတမဟုတ်သည့် ပုလဲ ထုတ်လုပ်ခြင်းအပေါ် PSC စနစ်ကိုကျင့်သုံးခြင်းသည် စီးပွားရေးအမြင်အရ မှားယွင်း ပါသည်။ ၁၉၉၀ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမူများကို ဖိတ်ခေါ်ခဲ့သော်လည်း ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းတွင် ၂၀၁၀ခုနှစ်အထိ ပြည်တွင်းကုမ္ပဏီ (၂) ခုသာ ရင်းနှီး မြှုပ်နှံခဲ့ပါသည်။ မိုင်းရှုးကျောက်မျက်များ ကုန်သွားခြင်း၊ ရွှေထုတ်လုပ်သည့်နယ်မြေတွင် သဘာဝပတ်ဝန်းကျင်များ ပျက်စီးသွားခြင်း ကျောက်စိမ်းထုတ်လုပ်သည့်နယ်မြေကို ကမ္ဘာပေါ်တွင် မြေတူးစက်အရေအတွက် သိပ်သည်းမှု အများဆုံးနယ်မြေအဖြစ် ပြောစမှတ် ပြုခံရခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မြန်ထုတ်လေ၊ များများထုတ်လေ တိုင်းပြည်အတွက် အကျိုးရှိသော ထုတ်သုံး၍မကုန်နိုင်သော၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု မရှိသော၊ အလုပ်အကိုင်ဖန်တီးနိုင်သော (Labor Intensive) မြန်မာ့ပုလဲထုတ်လုပ်မှု လုပ်ငန်းသည် နှစ်ပေါင်း (၂၀) ကျော်တိုးတက်ဖြစ်ထွန်းလာမှု မရှိရခြင်းမှာစီးပွားရေးအမြင် မရှိသော ပေါ်လစီမှားယွင်းမှုများကြောင့် ဖြစ်ပါသည်။ ထုတ်လုပ်မှုနည်းပညာများ ပြောင်းလဲ နိုင်ခဲ့သော်လည်း ပုလဲလုပ်ငန်းဥပဒေ၏ အားနည်းချက်ကြောင့် မတိုးတက်ရခြင်း ဖြစ်ပါသည်။ တောင်ပင်လယ်ပုလဲထုတ်လုပ်သော နိုင်ငံများ၏ ကျင့်သုံးဆောင်ရွက်နေမှု မြန်မာနိုင်ငံပုလဲနှင့် အမျိုးအစားတူသည့် တောင်ပင်လယ်ပုလဲများကို သြစတြေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ထုတ်လုပ်ပါသည်။ ၎င်းနိုင်ငံများတွင် ပုလဲထုတ်လုပ်သည့်ကုမ္ပဏီများသည် ပုလဲမွေးမြူရန် ခွင့်ပြုသည့် ရေပြင်ဧရိယာအပေါ်တွင်သာ နှစ်စဉ် အခွန်ထမ်းဆောင်ကြရပါသည်။ ထုတ်လုပ်မှုအပေါ် ခွဲဝေသည့်စနစ်မရှိပါ။ ဖိလစ်ပိုင်နိုင်ငံတွင် ပုလဲမွေးမြူရေးကုမ္ပဏီတစ်ခုလျင် မွေးမြူရေးဧရိယာ (၁၀) ဟက်တာ ခွင့်ပြုပါသည်။ တစ်ဟက်တာလျင် နှစ်စဉ်ကြေး (၁၀၀) ပီဆို ပေးဆောင်ရပါသည်။ သြစတြေးလျနိုင်ငံတွင် ပုလဲမွေးစခန်းများသည် ခွင်ပြုလိုင်စင်ကြေးနှင့် နှစ်စဉ်ကြေးများသာ ပေးဆောင်ရပါသည်။ ဝတ်ဆံသွင်းအခွန် မပေးရပါ PSC စနစ်လည်းမရှိပါ။ အင်ဒိုနီးရှားနိုင်ငံတွင်  ပုလဲမွေးစခန်းပေါင်း (၁၀၀) ကျော်ရှိပြီး ဖိလစ်ပိုင် နိုင်ငံတွင် ပုလဲမွေးစခန်းပေါင်း (၅၀) ကျော်ရှိပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းပုလဲကုမ္ပဏီများမှာ နည်းပညာနောက်ကျခဲ့သည့်အပြင် နိုင်ငံတော်မှ ဆိုရှယ်လစ်အတွေးအခေါ်ဖြင့် အခွန် အကောက်များစွာ ယူထားသောကြောင့် တိုးတက်ခြင်း မရှိခဲ့ကြပါ။ မြန်မာနိုင်ငံပုလဲနှင့် မျိုးတူပုလဲဖြစ်သည့် တောင်ပင်လယ်ပုလဲကမ္ဘာပေါ်တွင် စုစုပေါင်း ထုတ်လုပ်မှုမှာ အလေးချိန်အားဖြင့် အင်ဒိုနီးရှားနိုင်ငံမှ (၄၁.၂) ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံမှ (၃၄.၃) ရာခိုင်နှုန်း ဖိလစ်ပိုင်နိုင်ငံမှ (၁၈.၁) ရာခိုင်နှုန်း မြန်မာနိုင်ငံမှ (၅.၅)ရာ ခိုင်နှုန်း၊ အခြားမှ (၀.၉) ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို အားပေးသင့်သည့်အကြောင်းအရင်းများ ပုလဲလုပ်ငန်းသည် လုပ်အားအသုံးပြုမှုများသော (Labor Intensive) လုပ်ငန်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိပါ။ နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဆောင်ရွက်ကြပါသည်။ ခရီးသွားများသည် ပုလဲမွေးစခန်းများသို့ ရောက်ရှိ လေ့လာပြီး ပုလဲများကို ပုလဲမွေးစခန်းများမှ တိုက်ရိုက်ဝယ်ယူနိုင်အောင် ဆောင်ရွက် ထားကြပါသည်။ ပုလဲထုတ်လုပ်ရေးလုပ်ငန်းသည် ပင်လယ်ရေစီးကြောင်းပြောင်းလဲမှုနှင့်ရာသီဥတု အပေါ်များစွာတည်နေသောကြောင့် စွန့်စားရမှု (Risk Factor) များသောလုပ်ငန်းဖြစ်ပါ သည်။ ထို့အပြင် ပုလဲသည် အရေးပါသောပစ္စည်းမဟုတ်သောကြောင့် နိုင်ငံတကာတွင် စီးပွားရေးကျဆင်းလျှင် ပုလဲဈေးများ သိသိသာသာကျဆင်းပြီး ပုလဲကုမ္ပဏီများပြုတ်ကုန်လေ့ ရှိပါသည်။ ပုလဲထုတ်လုပ်မှုများလာသည်နှင့်အမျှ လွန်ခဲ့သောနှစ် (၂၀) ခန့်က ပုလဲတစ်မိုမီ ပျှမ်းမျှဈေးနှုန်းသည် US$ ၃၀၀ ခန့်ဖြစ်ခဲ့သော်လည်း ယခုအခါ ၆၀ ခန့်သာရှိပါသည်။ မြန်မာနိုင်ငံရေပြင်တွင် ထားဝယ်မြို့၏ တောင်ဘက်မှစ၍ ကော့သောင်းနယ်စပ် အဆုံးအထိ သဘာဝပုလဲမုတ်ကောင်ရိုင်းများ ရှင်သန်နိုင်ကြောင်း အင်္ဂလိပ်အစိုးရ လက်ထက်တွင် လေ့လာပြုစုခဲ့သောစာတမ်းများအရ သိရပါသည်။ အစိုးရမှအားပေးလျှင် ပုလဲမွေးစခန်း အရေအတွက် အနည်းဆုံး (၁၀၀) အထိတိုးပွားလာနိုင်ပြီး အလုပ်အကိုင်များ ဖန်တီးနိုင်သည့်အပြင်  နိုင်ငံခြားငွေ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများသည် ခက်ခဲသောရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်လေ့မရှိသေးခြင်း၊ ရေထဲတွင် မကျွမ်းကျင်ခြင်း၊ သက်ရှိမုတ်ကောင်နှင့်လုပ်ကိုင်ရသည်ကို အကုသိုလ်အလုပ် ဟု ယူဆခြင်းတို့ကြောင့် ပုလဲထုတ်လုပ်ငန်းကိုသာမန်အားဖြင့် စိတ်မဝင်စားကြပါ။ ကုန်းမြေပေါ်တွင်လုပ်ကိုင်ရပြီး အမြတ်ရရန်လွယ်ကူသော ကျောက်စိမ်းကျောက်မျက်နှင့် ရွှေတူး ဖော်ခြင်းလုပ်ငန်းများတွင်သာ လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။ ထိုလုပ်ငန်းများသည် တွင်းထွက်သယံဇာတများဖြစ်သဖြင့် ကုန်ဆုံးသွားနိုင်ပါသည်။ မကုန်နိုင်သော ပုလဲထုတ် လုပ်ခြင်းလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာအောင် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်သင့် ပါသည်။ လုပ်ငန်းရှင်များသည် အမြတ်များများရသောလုပ်ငန်းကိုသာ ရွေး၍ ဝိုင်းတိုးနေ ကြခြင်းမှာ ဓမ္မတာဖြစ်ပါသည်။ ကျောက်စိမ်း၊ ကျောက်မျက်၊ ရွှေနှင့် ပုလဲလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံသူအရေအတွက်ကို နှိုင်းယှဉ်လေ့လာလျှင် သိရှိနိုင်ပါသည်။ အစိုးရ၏ဝင်ရောက်စွက်ဖက်မှုများလျှင် စီးပွားရေးလုပ်ငန်းများ မတိုးတက်နိုင်ပါ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ် PSC သည်အစိုးရဝန်ထမ်းများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းကိုဖြစ်စေရုံ သာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တီထွင်ကြံဆ၍ သုတေသနပြုခွင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် ဆုံးရှုံးသဖြင့် ဈေးကွက်စီးပွားရေးမဆန်သောကြောင့် ခွင့်မပြုသင့်ပါ။ ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းသည် အရင်းအနှီးကြီးမားသည့်လုပ်ငန်း မဟုတ်သဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အစိုးရနှင့်ဖက်စပ်ဆောင်ရွက်ရန် အကြောင်းမရှိပါ။ မြန်မာ့ပုလဲလုပ်ငန်းအား ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခွင့်ပြုခြင်းဖြင့်  PSC စနစ်ကို ပြန်သွားမည်ဖြစ်ပါသည်။ PSC စနစ်တွင် ပုလဲများကို တူညီစွာဝေပုံကျခွဲဝေခြင်းမှာ အမှန်တွင် မဖြစ်နိုင်ပါ။ မတူညီနိုင်ပါ။ သို့ရာတွင် ယခင်က PSC စနစ်ဖြင့် ပုဂ္ဂလိကပိုင်ပုလဲများကိုပါ မြန်မာ့ပုလဲ လုပ်ငန်းမှ သိမ်းယူထားပြီး ရောင်းချပြီးမှ ရောင်းရငွေအပေါ်တွင် ခွဲဝေခြင်း (In Cash) ခွဲဝေခြင်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်များ အတွက်ငွေကြေးလည်ပတ်မှုမရှိဘဲ အခက်အခဲ ဖြစ်စေသောကြောင့် ပုလဲလုံးများကို ခွဲဝေသည့်စနစ်(In Kind) ကို တီထွင်ပြောင်းလဲ ကျင့်သုံးခဲ့ရခြင်း ဖြစ်ပါသည်။ ပုလဲဖော်တစ်ခု (One Harvest) ကိုခွဲရန် အနည်းဆုံး (၇) ရက်ခန့်ကြာသောကြောင့် ကုမ္ပဏီ (၁၀၀) ရှိလျှင် တစ်နှစ်လျှင် ပုလဲဖော်အကြိမ် (၁၅၀)ခန့်ရှိ နိုင်သဖြင့် ပုလဲများကို ခွဲဝေရန် အချိန်မည်မျှကြာမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ PSC စနစ်သည် အမြောက်အများ ထုတ်လုပ်နိုင်သော ( Mass Production) စနစ် မဟုတ်ပါ။ ဥပဒေတွင် အခွန်နှုန်းထား ထည့်သွင်းရသည့် အကြောင်းအရင်း မုတ်ကောင်ဝတ်ဆံသွင်းသည့်အပေါ် နိုင်ငံတော်မှအခွန်အဖြစ် ကောက်ယူသည့် စနစ်သည် နိုင်ငံတကာတွင်မရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်သည့်ကာလတွင် ဝင်ငွေများစွာ မကျဆင်းသွားစေရန်နှင့် PSC စနစ်ကို မကျင့်သုံးစေ လိုသောကြောင့်  ပုလဲဥပဒေကို ၂၀၁၄ ခုနှစ် တွင် ပြင်ဆင်ရေးဆွဲ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ PSC စနစ်သို့ နောက်ကြောင်း ပြန်သွားသည့် ပြင်ဆင်မှုမျိုးကို ခွင့်မပြုသင့်ပါ။ မုတ်ကောင်သွင်းခနှုန်းကို အခွန်အဖြစ်ပြည်တွင်းအခွန်ဦးစီးဌာန၏ဝင်ငွေသို့ ဝင်စေလို သောကြောင့် ဥပဒေတွင်ထည့်ရခြင်းဖြစ်ပါသည်။ ဝန်ကြီးဌာနသည် အခကိုသာ သတ်မှတ်နိုင် ပါသည်။ PSC စနစ်ဖြစ်စေ၊ အခဖြစ်စေ သတ်မှတ်ပါက မြန်မာ့ပုလဲ လုပ်ငန်း၏ဝင်ငွေတွင် ဝင်သွားပါသည်။ အခွန်အဖြစ်မဝင်ပါ။ မြန်မာနိုင်ငံ၏အခွန်နှင့် GDP အချိုးနည်း နေရခြင်းမှာလည်း ဝန်ကြီးဌာနများမှရယူနေသည့်  PSC စနစ်မှ ရသောဝင်ငွေ များသည် ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်သကဲ့သို့ ဌာန၏ဝင်ငွေသို့ ဝင်သွားသဖြင့် အခွန်ဝင်ငွေ နည်းနေရ ခြင်းဖြစ်သည့်အပြင် လုပ်ငန်းဌာနဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း(State Economic Enterprise-SEE) များမှ အမြတ်ရနေသကဲ့သို့ ဖြစ်ပေါ်ပြီး ဘတ်ဂျက်များဖောင်းပွတောင်းခံ၍ ဖောဖောသီသီသုံးနေကြခြင်းသည် နိုင်ငံတော်စီးပွားရေး ကို ထိခိုက်စေလျက်ရှိပါသည်။ ယခင်က မှားယွင်းခဲ့ခြင်းများကို စီးပွားရေးအမြင်ဖြင့် ပြုပြင်ရန် လိုအပ်ပါသည်။ အခွန်အဖြစ်ဝင်ငွေတိုးစေရန် ပုလဲဥပဒေကို ပြင်ဆင်ခဲ့သဖြင့် နှစ်စဉ်ပြည်ထောင်စု ဘတ်ဂျက်၏အခွန်ဝင်ငွေတွင် မုတ်ကောင်ဝတ်ဆံသွင်းအခွန်အဖြစ် ဖော်ပြလျှက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ မြန်မာ့ပုလဲလုပ်ငန်းတွင်PSC စနစ်သည် နိုင်ငံတော်အတွက် အကျိုးမရှိပါ သို့ဖြစ်ပါ၍ မြန်မာ့ပုလဲထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော် အခွန်ဝင်ငွေတိုးတက်စေရန်နှင့် SEE များ၏ အသုံးစရိတ်များ ဖောင်းပွမှုမဖြစ်စေရန် မြန်မာ့ပုလဲဥပဒေကို ပထမအကြိမ်ပြင်ဆင်ထားသည့်အတိုင်းသာ ထားရှိသင့်ပါသည်။ မုတ်ကောင်တစ်ကောင်လျှင် ဝတ်ဆံသွင်းသည့်အခွန်နှုန်းထား ၂၀၀၀ ကျပ်သည် နည်းသည် ဟု လွှတ်တော်မှယူဆလျှင် သင့်တော်သည့် အခွန်နှုန်းထားကို ပြင်ဆင်သတ်မှတ်ရန်သာ ရှိပါသည်။ နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာနိုင်ငံတော်အကျိုးစီးပွားအတွက် စီးပွားရေး အမြင်ဖြင့် ရှုမြင်၍ ယခင်ပြင်ဆင်ထားသည့် အတိုင်းသာထားရှိသင့်ပါသည်။ နောက်ကြောင်း ပြန်သွားပြီး မူရင်းအတိုင်း PSC စနစ်ကို ပြန်လည်ကျင့်သုံး ရန်ခွင့်မပြုသင့်ပါကြောင်း မြန်မာ့ပုလဲလုပ်ငန်းတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ (၁၂) နှစ်ခန့် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံအရ တင်ပြလိုက်ရပါသည်။ ဦးမောင်တိုး (အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး)
3 years Ago
Up