မြန်မာ့ပထဝီနိုင်ငံရေး

October 12, 2016

မြန်မာ့ပထဝီနိုင်ငံရေး - အခွင့်အလမ်းလော၊ စိန်ခေါ်မှုလော

ပထဝီနိုင်ငံရေး (Geopolitics) ဆိုသည်မှာ  ပထဝီနှင့် စီးပွားရေးတို့က နိုင်ငံရေးနှင့် နိုင်ငံအချင်းချင်းအကြား ဆက်ဆံရေးအပေါ် မည်သို့မည်ပုံ သက်ရောက်မှုရှိသည်ကို လေ့လာသောပညာရပ် ဖြစ်သည်ဟု မာရီယန်-ဝက်ဗ်စတာ အဘိဓာန်က ဆိုသည်။ ဝီကီပီဒီယ အွန်လိုင်းစွယ်စုံကျမ်းကမူ ပထဝီနိုင်ငံရေးဆိုသည်မှာ အပြောင်းအလဲရှိနိုင်သော ပထဝီဆိုင်ရာ အကြောင်းအချက်များမှတဆင့် နိုင်ငံတကာ နိုင်ငံရေး ပြုမူလုပ်ဆောင်မှုများကို နားလည်စေရန်နှင့် ကြိုတင်ခန့်မှန်းနိုင်ရန် နိုင်ငံခြားရေးပေါ်လစီကို လေ့လာပုံနည်းတနည်း ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် နိုင်ငံရေးဆိုင်ရာ အင်အားများက ပထဝီအကွာအဝေးနှင့် ဆက်စပ်ပတ်သက်နေပုံ၊ အထူးသဖြင့် ရေပြင်နယ်နိမိတ်၊ ကုန်းတွင်းနယ်နိမိတ်တို့နှင့် သံတမန်ရေးဆိုင်ရာ သမိုင်းကြောင်းတို့ အပြန်အလှန် ဆက်စပ်ပုံကို အာရုံစိုက်လေ့လာသည့် ပညာရပ် ဖြစ်သည်ဟု ဆိုလေသည်။ သို့ဖြစ်လေရာ မြန်မာနိုင်ငံကဲ့သို့ ရာသီဥတုမျှတ၊ သယံဇာတကြွယ်ဝပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်ခု ဖြစ်ကြသော အိန္ဒိယနှင့် တရုတ်တို့အကြား အချက်အချာကျသည့် နေရာတွင် တည်ရှိနေသည့် နိုင်ငံတခုအနေဖြင့် ပထဝီနိုင်ငံရေးမှာ အာရုံစိုက်ရမည့်ကိစ္စရပ် ဖြစ်ပေသည်။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနှင့် တရုတ်တို့မှာ ကမ္ဘာတွင် လူဦးရေအများဆုံး (သန်းပေါင်း ၁၃၀၀ ကျော်) နိုင်ငံများ ဖြစ်ကြသော်လည်း လူဦးရေ အသိပ်သည်းဆုံးနိုင်ငံများ မဟုတ်ကြသေး။ လူဦးရေ များသလောက် (၁၆၁ သန်း) နေထိုင်ရာ နယ်မြေဒေသ အနည်းငယ် (ဧရိယာ စတုရန်းမိုင် ၅၅၅၉၈) သာ ရှိသဖြင့် သိပ်သည်းမှုအများဆုံး (စတုရန်း ၁ မိုင်တွင် နေထိုင်သူ ၂၈၉၈) ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကလည်း မြန်မာက အိမ်နီးချင်း ဖြစ်နေပြန်ပါသည်။ အရွယ်အစားအားဖြင့် မြန်မာ၏ ၅ ပုံ ၁ ပုံကျော်ခန့်သာရှိသော တိုင်းပြည်တွင် မြန်မာထက် ၃ ဆများသော လူများ နေထိုင်ကြလေရာ စတုရန်းတမိုင်လျှင် မြန်မာလူဦးရေ ၂၀၇ ယောက် ရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်၌ ၂၈၉၈ ယောက် နေထိုင်နေကြပါသည်။ နှစ်နိုင်ငံ ပြည်သူများ၏ ယုံကြည်ကိုးကွယ်မှုကလည်း မတူညီကြချေ။ နိုင်ငံရေးအရ ကြည့်ပြန်လျှင်လည်း အရှေ့ဘက် အိမ်နီးချင်း တရုတ်ပြည်က ကွန်မြူနစ် တပါတီစနစ် ကျင့်သုံးသော ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လျက် အနောက်ဘက် အိမ်နီးချင်း အိန္ဒိယက ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့် ကမ္ဘာ့ သတ္တမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံတခု ဖြစ်ပါသည်။ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးစီးပွားကလည်း နှစ်နိုင်ငံလုံးတွင် ရှိနေပြန်ပါသည်။ ထိုသို့သော အကြောင်းများအပြင် မိုင်ပေါင်း ၈၅၀၀ ခန့် ဝေးကွာသည့် အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ့အရေးကို စိတ်ဝင်တစား ရှိနေပြန်ပါသည်။ အခြေခံကျသည့်အကြောင်းမှာ ၁၉၈၈ ခုနှစ်က ဆန္ဒပြ ပြည်သူလူထုကို အကြမ်းဖက်နှိပ်ကွပ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာပြည်တွင် ဒီမိုကရေစီစနစ် ထွန်းကားလာရေး အတွက် ပါဝါအပျော့ (Soft Power) ကို အသုံးပြုမည်ဆိုသော အမေရိကန်၏ ရည်မှန်းချက် ဖြစ်ပါသည်။ ထို့ကြောင့်ပင် မြန်မာအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှုများ လုပ်ခဲ့ရာ အစိုးရအပေါ်ရော၊ ပြည်သူလူထုအပေါ်မှာပါ သက်ရောက်မှုများရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရရှိခဲ့သဖြင့် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းချိန်တန်ပြီ ဖြစ်ပါသည်။ စက်တင်ဘာလအတွင်းက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း ပိတ်ဆို့အရေးယူမှု အတော်များများကို ရုပ်သိမ်းရန် သမ္မတအိုဘားမားက ကတိပေးလိုက်ရာ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံအတွင်း အမေရိကန်နှင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ မြန်မာနှင့် အိန္ဒိယအကြားက ပထဝီနိုင်ငံရေး မြန်မာနှင့် အိန္ဒိယတို့သည် ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ ရှည်လျားသော ဆက်ဆံရေး ရှိခဲ့သည့်အပြင် နယ်နိမိတ်အားဖြင့် ၁၄၆၃ ကီလိုမီတာ (၉၁၄ ဒသမ ၄ မိုင်) ရှည်လျားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ် လွတ်လပ်ရေးယူသောအခါ ပါကစ္စတန်နိုင်ငံ၏ ဒိုမီနီယံအဖြစ် ပါကစ္စတန်နှင့် အတူတွဲခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် အရှေ့ပါကစ္စတန်အဖြစ်လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်မှ ခွဲထွက်ပြီး သီးခြားလွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်လည်းကောင်း ထူထောင်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာနှင့် အိန္ဒိယတို့မှာ ဝေးလံခေါင်သီ၍ တောတောင်ထူထပ်သော အိန္ဒိယအရှေ့မြောက် အာသံ၊ မဏိပူရဒေသနှင့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်သာ နယ်နိမိတ်ချင်း ထိစပ်ပါတော့သည်။ သို့ဖြစ်လေရာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်၍ လူဦးရေထူထပ်သော အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ အိန္ဒိယအရှေ့မြောက်နယ်စပ်သို့ သွားလိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကွေ့ပတ်၍ သွားရမည်ဖြစ်သည်။ ၁၉၇၁ ခုနှစ်တဝိုက်  ပါကစ္စတန်မှ ခွဲထွက်သည့် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲကာလတွင် အိန္ဒိယ၏ စစ်ရေး၊ သံတမန်ရေး အကူအညီများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း ၁၉၇၀ ခုနှစ်များနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်က အာဏာသိမ်းသည့်အခါ ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ ဂင်္ဂါမြစ်ရေ မျှဝေသုံးစွဲရေးနှင့် ပတ်သက်ပြီး သဘောထားများ ပိုမိုတင်းမာလာခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်သူများကို အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်ခတ်သတ်ဖြတ်သဖြင့် နှစ်နိုင်ငံနယ်ခြား တင်းမာမှုလည်း ရှိခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းမှ ကုန်စည်များအား ၎င်း၏ အရှေ့မြောက်ဒေသများသို့ သယ်ယူပို့ဆောင်သွားလာရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်၍ သွားခြင်းသည်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကွေ့ပတ်၍ သွားခြင်းသည်လည်းကောင်း၊ မြန်မာ့ရခိုင်ကမ်းရိုးတန်း စစ်တွေမှ ကုလားတန်မြစ်အတိုင်း ဆန်တက်ပြီး ရေလမ်းအဆုံးတွင် ကုန်းလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခြင်းက ပိုမိုစရိတ်သက်သာ လွယ်ကူမည်ဖြစ်သဖြင့် ကုလားတန်မြစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လက်ရှိ အိန္ဒိယအစိုးရက ချမှတ်ထားသော Act East Policy ၏ အစိတ်အပိုင်း တရပ်အဖြစ် အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသ မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံကိုဖြတ်လျက် ထိုင်းနိုင်ငံ၊ အေဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေး ခရီးသွားလာရေးများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားလျက်ရှိရာ မြန်မာနိုင်ငံတွင်းမှ တမူး-ကလေး ချစ်ကြည်ရေးလမ်းမကြီးကို ခင်းပေးခဲ့သည်။ ထို့ပြင် ထမံသီ၊ ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်း စသည်တို့ကိုလည်း ဆောင်ရွက်နေသည်။ ကမ္ဘာပေါ်တွင် သတ္တမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော အိန္ဒိယက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုခြင်းဖြင့် ဈေးကွက်စီးပွားရေးသဘောအရ အိမ်ရှင်နိုင်ငံအဖို့ ရွေးချယ်ရန် အခွင့်အလမ်းများ ပိုမိုရရှိသဖြင့် ကြိုဆိုရမည်ဖြစ်သည်။ အိန္ဒိယအနေဖြင့် သတိကြီးစွာ ထားနေသည့်ကိစ္စမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကိုဖြတ်လျက် အိန္ဒိယအရှေ့မြောက်ဒေသမှ တဆင့် ကုန်သွယ်ကူးသန်းခွင့်ရမည် ဆိုပါက တရုတ်ကုန်ပစ္စည်းများ အိန္ဒိယဈေးကွက်အတွင်း လွှမ်းမိုးသွားမည်ကို ဖြစ်သည်။ သို့ဖြစ်ရာ စီးပွားရေးအင်အားကြီး တရုတ်နှင့် အိန္ဒိယတို့ ငြိမ်းချမ်းစွာ အတူယှဉ်ပြိုင်မှုအကြား မြန်မာနိုင်ငံအနေဖြင့် လိမ္မာပါးနပ်စွာဖြင့် အကျိုးအမြတ် ရှာနိုင်စရာများ ရှိလာနိုင်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး သီးနှံထွက်ကုန်များကို တရုတ်-အိန္ဒိယ ဈေးကွက်များသို့ လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်ပြုရန်၊ သို့မဟုတ်ပါက တရုတ်-အိန္ဒိယ ထုတ်ပစ္စည်းများကို မြန်မာ့မြေပေါ် ဖြတ်သန်းခွင့်မပြုရန် စသည်ဖြင့်  သင့်တော်သော နိုင်ငံခြားရေးကုန်သွယ်ရေးမူဝါဒများကို သက်ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်းချမှတ်ဖို့ လိုအပ်ပါလိမ့်မည်။ မြန်မာနှင့် တရုတ်တို့အကြားက ပထဝီနိုင်ငံရေး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားတွင် ၂၁၈၅ ကီလိုမီတာ (၁၃၆၆ မိုင်ခန့်) ရှည်လျားသော နယ်နိမိတ်မျဉ်းရှိပြီး နယ်စပ်တွင် နှစ်နိုင်ငံတိုင်းရင်းသားများ ရောယှက်နေထိုင်ကြသည်။ တရုတ်ပြည်၏ အရှေ့ဘက်တွင် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ တည်ရှိသဖြင့် ထိုပင်လယ်များမှတဆင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသများသို့ သွားလာရန် အဆင်ပြေသော်လည်း အိန္ဒိယသမုဒ္ဒရာရှိ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ သွားရန်မှာမူ မာလက္ကာရေလက်ကြားကို ကွေ့ပတ်ဖြတ်သန်းမှ ရောက်နိုင်ပေလိမ့်မည်။ အဆိုပါ မာလက္ကာရေလက်ကြားလမ်းကြောင်းမှာ တရုတ်နိုင်ငံလိုအပ်သော လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းကို သယ်ဆောင်နေခဲ့သောလမ်းဖြစ်ပြီး အမေရိကန်၏ အမှတ်-၆ ရေတပ်မတော်က လွှမ်းမိုးထားသောဒေသလည်း ဖြစ်သဖြင့် တခုတည်းသော ထိုလမ်းကြောင်း လုံခြုံမှုအတွက် တရုတ်တို့ အမြဲတမ်း ပူပင်နေခဲ့ရသည်။ အကယ်၍ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ထွက်သွားလာရလျှင် တရုတ်နိုင်ငံကုန်းတွင်းပိုင်း ကွေ့ကျိုးပြည်နယ်၊ စိချွမ်းပြည်နယ်နှင့် ယူနန်ပြည်နယ် မြို့တော်များမှာ မိုင် ၁၆၀၀ မှ မိုင် ၂၀၀၀ ကျော်ခန့်ထိ ခရီးတိုသွားနိုင်ပြီး အချိန်အားဖြင့်လည်း များစွာသက်သာသွားမည် ဖြစ်သည်။ ယခုအခါ ကီလိုမီတာ ၂၄၀၀ ရှည်လျားသော ရေနံနှင့် ဂက်စ်ပိုက်လိုင်းကို မြန်မာနိုင်ငံကိုဖြတ်၍ တည်ဆောက်ပြီးဖြစ်ရာ အဆိုပါပိုက်လိုင်းနှစ်ခုမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ သယ်ပို့ပေးနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံကိုဖြတ်၍ ဖောက်လုပ်မည့် ရထားလမ်းနှင့် အမြန်ကားလမ်း စီမံကိန်းမှာ အကောင်အထည် မပေါ်သေးချေ။ ထို့ပြင် BCIM-EC ခေါ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြန်တခု အောင်မြင်ဖြစ်ထွန်းလိုသော ဆန္ဒလည်း တရုတ်နိုင်ငံက ပြင်းပြစွာရှိနေသည်။ အဆိုပါစင်္ကြန်မှာ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍသုံးခုကို အရှိန်မြှင့်တင်ခြင်းဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်တွဲလုပ်ကိုင်ခြင်းတို့ကြောင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည်။ BCIM လေးနိုင်ငံရှိ လူဦးရေ (၂၉၂၅ သန်း) မှာ ကမ္ဘာ့လူဦးရေ (၇၃၄၉ သန်း) ၏ ၅ ပုံ ၂ ပုံ ရှိသည့်အပြင် ထုတ်လုပ်မှုမှာ တကမ္ဘာလုံး ဂျီဒီပီ၏ ၁၀ ပုံ ၁ ပုံ ရှိလေသည်။ အဆိုပါလေးနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယမှာ ၂၁ ရာစုအတွင်း ဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ ဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှုအနည်းဆုံး (LDC) စာရင်းဝင်နိုင်ငံများ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှာ တခုတည်းသော အာဆီယံအဖွဲ့ဝင် ဖြစ်လေရာ အဆိုပါစီးပွားရေးစင်္ကြန် အောင်မြင်ပါက တရုတ်-အာဆီယံ ဖရီးထရိတ်ဧရိယာ၊ အိန္ဒိယ-အာဆီယံ ဖရီးထရိတ်ဧရိယာတို့နှင့် အံကျဆက်စပ်မိသွားပြီး လူဦးရေ ၃၄၉၉ သန်းတို့ အကျုံးဝင်သော ကမ္ဘာ့အကြီးဆုံး ဖရီးထရိတ်ဧရိယာ ဖြစ်သွားပေလိမ့်မည်။ သို့ဖြစ်လေရာ အနာဂတ်အတွက် ရွှေရောင်မျှော်လင့်ချက်များရှိသော အိပ်မက်များ အကောင်အထည်ပေါ်လာရေးတွင် ပေါင်းကူးတံတားလိုနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံက အခရာဖြစ်နေပေရာ အကျိုးအမြတ်အများဆုံးရရှိနိုင်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရန်မှာ လွန်စွာအရေးကြီးကြောင်း ထင်ရှားလှပေသည်။ မြန်မာနိုင်ငံအနေဖြင့်ကား ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆင်းရဲမွဲတေမှု လျှော့ချရန်မှာ အရေးတကြီး လိုအပ်ချက် ဖြစ်နေသည်။ အဆိုပါရည်ရွယ်ချက်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စုပေါင်းတိုင်ပင် အဖြေရှာသည့် ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ အစည်းအဝေးများ ကျင်းပကာ ကြိုးပမ်းနေသကဲ့သို့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံထံလည်း အကူအညီတောင်းခံနိုင်ပေသည်။ တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီမည်ဟုလည်း ကမ်းလှမ်းထားပြီး ဖြစ်ပါသည်။ ဤကမ်းလှမ်းချက်ကို မြန်မာအစိုးရက အလေးထားသင့်ပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်လှုပ်ရှားမှုများမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများ၌ ပိုမိုအားကောင်းသည်။ တည်ငြိမ်သော အခြေခံဒေသ အတည်တကျမရှိသော လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့များအဖို့ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်သည့် အရင်းအမြစ်မရှိပါက ရပ်တည်ရန် မလွယ်ကူသဖြင့် လက်နက်ကိုင်ပဋိပက္ခတွင် ပြင်ပနိုင်ငံ၏ အရေးပါပုံကို တွက်ဆနိုင်သည်။ သို့ဖြစ်လေရာ တရုတ်ပြည်နှင့် ကောင်းမွန်သောဆက်ဆံရေးကို အားပြုလျက် ပြည်တွင်း ငြိမ်းချမ်းရေးရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ တပါတည်း ဖော်ဆောင်လာနိုင်ပါက သားရွှေအိုးထမ်းလာသည့် နိုင်ငံခြားရေးမူဝါဒ (ပထဝီနိုင်ငံရေး) ဖြစ်ပေလိမ့်မည်။ စိန်ခေါ်မှုများလည်း ဖြစ်နိုင် တရုတ်တို့က ဆောင်ရွက်လိုသော အထက်ပါစီမံကိန်းများမှာ မြန်မာပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်လာမည်ဖြစ်သော်လည်း အဓိကအားဖြင့် တရုတ်ပြည်အတွက် (တရုတ်လုပ်ငန်းရှင်များအတွက်) ပို၍ အကျိုးရှိမည် ဖြစ်ပါသည်။ ယခုလောလောဆယ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်က နှစ်စဉ် အသာစီးရလျက်ရှိသည်။ မြန်မာဘက်မှ ရောင်းစရာကုန်ပစ္စည်းဆို၍ သဘာဝသယံဇာတနှင့် လယ်ယာထွက်ကုန်သီးနှံမှလွဲပြီး မည်မည်ရရ မရှိရသည့်အထဲတွင် ဆန်စပါးနှင့် ပြောင်းဖူးကဲ့သို့သော သီးနှံများကို လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်မပြုပါ။ မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပါသည်။ ပုံမှန်အားဖြင့် အဖမ်းအဆီးမရှိ တင်သွင်းနေနိုင်သော်လည်း အစိုးရချင်း မကျေနပ်ချက်တခုခုအပေါ် လက်တုံ့ပြန်လိုသည့်အခါ သို့မဟုတ် အကြောင်းတခုခု ပေါ်ပေါက်သည့်အခါ ပါမစ်မရှိ၍ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းဖြင့် မြန်မာသီးနှံများ ရောင်းမရဖြစ်ကာ မြန်မာ တောင်သူလယ်သမားများ ဒုက္ခရောက်အောင်လည်း လုပ်တတ်ပါသည်။ ဤသို့သော တဘက်စောင်းနင်း ကုန်သွယ်ရေးမျိုးကို ညှိနှိုင်းပေးရန် မြန်မာအစိုးရ အဆက်ဆက်က နားမလည်ခဲ့၊ ဂရုမစိုက်ခဲ့ကြသည်ကြောင့်လည်း အခြေအနေမှာ ယခုထက်တိုင် တိုးတက်ပြောင်းလဲခဲ့ခြင်း မရှိချေ။ ထို့ပြင် ကလေး သရေစာအတု၊ စာသုံးဆီအတု စသည်ဖြင့် အရည်အသွေး မပြည့်မီသော ကုန်ပစ္စည်းများကို တံခါးမရှိ၊ ဓားမရှိ တင်သွင်းလာနိုင်ခြင်း၊ မြန်မာ့ကျောက်မျက်ရတနာနှင့် သစ်ကို တရားမဝင် မှောင်ခိုတင်သွင်းခွင့်ပြုခြင်း၊ နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များကို အားပေးနေခြင်း စသည်တို့ကြောင့် တရုတ်ပြည်အပေါ် မြန်မာပြည်သူတို့၏ အမြင်မှာ မကောင်းချေ။ သို့ဖြစ်လေရာ တရုတ်တို့တောင်းဆိုသော စီမံကိန်းများကို ပူးပေါင်းလုပ်ဆောင်ရန် သဘောတူရသည့်တိုင် မိမိတို့ နိုင်ငံသူနိုင်ငံသားများ အကျိုးအမြတ်ရရှိရေး သေချာ၊ ထင်ရှား၊ ပွင့်လင်းမြင်သာရှိဖို့နှင့် အချုပ်အခြာအာဏာကို မထိပါးဖို့ လွန်စွာအရေးကြီးလေသည်။ သေချာစွာ လေ့လာသုံးသပ်ခြင်းမပြုဘဲ လုပ်ဆောင်ရန် သဘောတူပြီးမှ စီမံကိန်းရပ်ဆိုင်း ပယ်ဖျက်ခဲ့ရလျှင် မြစ်ဆုံဆည် စီမံကိန်းကဲ့သို့ ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြင့် နှစ်ဘက်ဆက်ဆံရေး ထိခိုက်ကာ ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရနိုင်သည်။ နိဂုံးအနေဖြင့်ဆိုရသော် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ပြဿနာများကို ကြောက်ရွံ့နေပြီး ဘာမှမလုပ်ဘဲ ပိုနေမြဲ ကျားနေမြဲ လုပ်နေ၍လည်း မဖြစ်ပေ။ ထိုသို့လုပ်နေပါက ရရှိလာသော အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးသွားကာ သူများနောက်မှာ အမြဲကျန်နေရစ်မည်ဖြစ်သလို တော်ရိလျော်ရိ လုပ်ပြန်လျှင်လည်း ကြုံလာရမည့် ဆိုးရွားသော အကျိုးဆက်ကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန့်ကျင်ခြင်းကို ခံရပေလိမ့်မည်။       ။ ရဲထွန်း ( သီပေါ )
5 years Ago
Up