မြန်မာ့စီးပွားရေး

July 29, 2019

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ ဘတ်စ်ကား ဆားဗစ်စင်တာဖွင့်လှစ် 

မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့  မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်က   ဘတ်စ်ကားတွေအတွက် Sale And Service Center တခုကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်စက်မှုဇုန်မှာ ဇူလိုင် ၂၈ ရက်က ဖွင့်လှစ်လိုက်ပါတယ်။ ဆားဗစ်စင်တာကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ခင်မောင်သန်းနဲ့  အင်းတကော် စက်မှုနယ်မြေ၊ ခေတ္တ စက်ရုံမှူး ဦးလွင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ဖွင့်လှစ်လိုက်တဲ့ ဆားဗစ်စင်တာမှာ ၀န်ဆောင်မှုလုပ်ငန်းတွေအနေနဲ့  Yutong ခရီးသည်တင် ဘတ်စ်ကားတွေအတွက် အင်ဂျင်နဲ့ ဂီယာဘောက်(စ်) စစ်ဆေး ပြုပြင်တာ၊ ပန့်နဲ့ နော်ဇယ် စစ်ဆေးပြုပြင်တာ၊ ကွန်ပျူတာ ECU(Electronic Control Unit) ပါတဲ့ အင်ဂျင်တွေ စစ်ဆေးပြုပြင်ပေးတာ၊ ကွန်ပျူတာနဲ့  အလိုင်းမင်း စစ်ဆေးတာ အပြင် အဲကွန်း၊ ကားအောက်ပိုင်း ၊ ကိုယ်ထည်ပြုပြင် ဆေးမှုတ်ခြင်းတာတွေ ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ ဒ့ါအပြင် Yutongဘတ်စ်ကားနဲ့ Yutong မီနီဘတ်စ်ကားတွေရဲ့ ဆက်စပ်ပစ္စည်းတွေ၊  တာယာအမျိုးမျိုး၊ စက်ဆီ/ချောဆီ အမျိုးမျိုး၊ ကားမှုတ်ဆေး အမျိုးမျိုးတို့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- CINCDS
2 years Ago

August 9, 2018

မြန်မာ့စီးပွားရေး တက်နေလား၊ ကျနေလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)

ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာ့စီးပွားရေးဟာ တက်နေတာလား၊ ကျနေတာလားဆိုတာ၊ ကမ္ဘာ့ဘဏ်က ၂၀၁၈ အတွက် ၆ ဒသမ ၃ ရာခိုင်နှုန်း စီးပွားရေးတက်နေတယ် ပြောတယ်။ အေဒီဘီကလည်း လာမယ့် ၂၀၁၉ မှာ မြန်မာဟာ အာဆီယံမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ ဖွံ့ဖြိုးတိုးတက်နေမယ်လို့ ပြောသလို တချို့ လုပ်ငန်းရှင်တွေကလည်း လက်တွေ့မှာ မတက်ပါဘူး၊ လုပ်ရကိုင်ရ ခက်နေတာတွေ ရှိနေပါတယ်လို့ ပြောတာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းနဲ့ စီးပွားရေးအတိုင်ပင်ခံနဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဝင်းရွှေတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခု မြန်မာပြည်မှာ ကိန်းဂဏန်းတွေအရတော့ တက်နေတယ်ဆိုတာ ပြောကြတယ်။ တက်လည်း တက်နေတယ်။ Focus ကလည်း ဆက်တက်ဦးမယ်။ တကယ်ရော တက်နေလား။ လက်တွေ့လုပ်နေတဲ့ ဆရာတို့လို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းက တက်နေတာလား၊ ကျနေတာလား၊ တန့်နေတာလား ဆရာ စပြီး ဆွေးနွေးပေးပါဦး။” ဒေါက်တာစိုးထွန်း (စီးပွားရေးလုပ်ငန်းရှင်) “နှစ်ပိုင်း ဖြစ်တာပေါ့။ အစိုးရပိုင်းနဲ့ အေဒီဘီတို့၊ World Bank တို့က တွေးတာကတော့ တပိုင်းပေါ့။ သူတို့ကတော့ GDP တက်နေတယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ Focus လုပ်တာ နောက်လည်း တက်မယ့်ပုံစံပေါ့။ တပိုင်းကတော့ တကယ့်လက်တွေ့လုပ်နေတဲ့ SME တွေ၊ လုပ်ငန်းရှင်တွေ တဦးချင်းတွေကတော့ လက်ရှိအနေအထားမှာ လုပ်ရကိုင်ရ ကျပ်နေတယ်။ တဖက်မှာလည်း ဒေါ်လာဈေး မြင့်တက်မှုက ရှိနေတယ်။ တခြား Purchasing Power ကျတဲ့အပိုင်းတွေရှိတော့ တကယ်လုပ်နေတဲ့ လူတွေအနေနဲ့ကတော့ လုပ်ရကိုင်ရ ကျပ်တည်းနေတယ်။ တက်နေတယ်လို့ ပြောဖို့ မလွယ်ဘူးပေါ့။ အမြင်ပေါ်မှာလည်း မူတည်တာပေါ့။ ကျနော့်ကို မေးရင်တော့ ကိုယ့်ဘာသာ ပြန်ကြည့်ဖို့ပဲ ကျနော်က ပြောတာပေါ့။ တက်လား၊ ကျလား ဆိုတာကတော့ ကိုယ့်ဘာသာ မှန်ထောင်ကြည့်ဖို့ပဲ လိုတာပေါ့။ ကိုယ့်စီးပွားရေး၊ ကိုယ့်အနေအထားကို ပြန်ကြည့်ပေါ့။ ကိုယ့်အနေအထား ရှိတာထက် ပိုပြီး ကောင်းမွန်လာပြီလားပေါ့။ လုပ်ငန်းရှင် တော်တော်များများနဲ့ SME တော်တော်များများ၊ တဦးချင်း လူတွေ တော်တော်များများကတော့ လက်ရှိအနေအထားမှာတော့ ကျပ်တည်းတဲ့ အနေအထားလို့ မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ တကယ့်လက်တွေ့ကျကျ ကိုယ့်ရဲ့ Sector ကို ကိုယ်ကြည့်ပါလို့ ပြောပါတယ်။ ဆရာ့ကိုလည်း စီးပွားရေးပညာရှင်တယောက်အနေနဲ့ ဒီကိန်းဂဏန်းတွေက မှန်လား၊ တက်နေလား။ ဒါက ဘယ်ပေါ်မှာ ကြည့်တာလဲ။ တကယ်လက်တွေ့ လုပ်နေတဲ့သူတွေ ဘယ်လိုထင်ဟပ်လဲ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးသန်းဝင်းရွှေ (စီးပွားရေးအတိုင်ပင်ခံ၊ တရားလွှတ်တော်ရှေ့နေ) “စီးပွားရေးပညာသည်တယောက်အနေနဲ့ မြင်ရရင်တော့ တိုင်းပြည်ဝင်ငွေ စာရင်းအင်းတွေကို တွက်ချက်တဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးနဲ့လည်း တွက်ချက်ပါတယ်။ မြန်မာပြည်ရဲ့ တိုင်းပြည်ဝင်ငွေ စာရင်းအင်းကို ချိန်စက်တဲ့ နည်းလမ်းလို့ဆိုတဲ့ Accounting Method နဲ့ Statistics Method အဲဒီနှစ်ခုပေါ်မှာ ချိန်စက်ပြီးတော့ စီးပွားရေးကောက်ချက်ကို ဘောဂဗေဒ နည်းလမ်းအရ ကောက်ချက်ချရပါတယ်။ ကိန်းဂဏန်းတက်ရင် စီးပွားရေးတက်တယ်လို့ အဲဒီလို တထစ်ချ ယူဆလို့မရသလို ကိန်းဂဏန်းကျရင်လည်း စီးပွားရေးကျတယ်လို့ ယူဆလို့ မရဘူး။ ဒီနေ့ World Bank ကနေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့ အေဒီဘီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ ခိုင်မာမှုရှိတဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်ဆိုတာတော့ ယုံကြည်တယ်။ International Relation တွေရော၊ International Trade ရောပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ Volume on Capacity of National Income ကို Focus လုပ်ထားတဲ့ ဂဏန်းတွေ ဖြစ်နေတဲ့အတွက် ဂဏန်းတွက်ချက်နည်း မှန်တဲ့အတွက် ကိန်းဂဏန်းကလည်း မှန်ပါတယ်။ လက်တွေ့ အဲဒါကို စီးပွားရေးဖွံ့ဖြိုးမှု သီအိုရီတွေနဲ့ ပကတိ စီးပွားရေးအခြေအနေနဲ့ သုံးသပ်ရင်သော် လည်းကောင်း၊ နိုင်ငံရေး ဘောဂဗေဒ ပညာအရ သုံးသပ်လာတဲ့အခါမှာသော် လည်းကောင်း ကျနော်တို့ရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်ခြင်း လုံးဝ မရှိပါဘူး။ စီးပွားရေးအားဖြင့် တက်ပါတယ်။ အရှိန်အဟုန်ကလေး နှေးနေတာပဲ ရှိပါတယ်။ အရှိန်အဟုန်နှေးရခြင်း အကြောင်းရင်းကလည်း အတိတ်ကဖြစ်ရပ်တွေ၊ အတိတ်ကဖြစ်ခဲ့တဲ့ စီးပွားရေး ကသောင်းကနင်းတွေကြောင့် ဖြစ်တဲ့ Reflection က အခုမှ လာပြီးတော့ အလျဉ်းသင့်သလို ရိုက်ခတ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီရိုက်ခတ်မှုကလည်း ယာယီရိုက်ခတ်မှုပါ။ တဦးကျဝင်ငွေနဲ့ အခြေခံလူတန်းစားရဲ့ စီးပွားရေး အဆင့်အတန်းဟာ တဝမ်းတခါး မျှမျှညီညီ စားနိုင်တဲ့ အနေအထားမျိုးရှိတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးဟာ ဒီနေ့ ကျနော်တို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလအတွင်းမှာ ယေဘုယျအားဖြင့် တိုးတက်မှု ရှိလာတယ်လို့ အခြေခံကျကျ သုံးသပ်မယ်ဆိုရင် သုံးသပ်နိုင်ပါတယ်။ ဒီသုံးသပ်မှုအပြင် ချဉ်းကပ်ချက် ၄ မျိုးဖြစ်တဲ့ စီးပွားရေးသုံးသပ်ချက်၊ နိုင်ငံတကာ ဆက်ဆံရေး သုံးသပ်ချက် အစရှိတဲ့အပြင် ပင်မ မဏ္ဍိုင်ကျတဲ့ နိုင်ငံရေးဘောဂဗေဒ သုံးသပ်ချက်နဲ့ အခြေခံကျကျ သုံးသပ်ရင် စီးပွားရေးဟာ တက်နေတယ်ဆိုတာ အထင်အရှား ဖြစ်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
3 years Ago
More News
Up