မြန်မာလှေလှော်အသင်း

May 7, 2018

အာရှနဂါးလှေပြိုင်ပွဲတွင် မြန်မာ ရွှေ ၂ ခု ရရှိထား (ဓာတ်ပုံ)

တရုတ် (တိုင်ပေ) နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာရှနဂါးလှေချန်ပီယံပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော်အသင်းဟာ ရွှေတံဆိပ် ၂ ခု ရရှိထားပါတယ်။ မေလ ၅ ရက်က စတင်ကျင်းပတဲ့ လှေလှော်ပြိုင်ပွဲမှာ ၂၀၁၈ အာရှရိုးရာနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အိုးပင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီးအရော မီတာ ၂၀၀ ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော်အသင်းဟာ ပထမရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ထားပါတယ်။ တခါ မေလ ၆ ရက်မှာ ဆက်လက်ကျင်းပတဲ့ ၂၀၁၈ အာရှနဂါးလှေချန်ပီယံပြိုင်ပွဲ မီတာ ၅၀၀ အိုးပင်းပွဲစဉ်မှာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ အမျိုးသား/အမျိုးသမီးအရော ၁၀ တက်လှော် မီတာ ၅၀၀ ပွဲစဉ်မှာ မြန်မာလှေလှော်အသင်းဟာ ၂ မိနစ် စက္ကန့် ၂၀ ဒသမ ၂၀၅ ၂ နဲ့ ပန်းဝင်ခဲ့ပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ မေ ၇ ရက် ဒီနေ့ကျင်းပနေတဲ့ လှေလှော်ပြိုင်ပွဲ ပွဲစဉ်သုံးမျိုးမှာ မြန်မာလှေလှော်အသင်း ဆက်လက်ယှဉ်ပြိုင်နေပြီး အဲဒီပြိုင်ပွဲမှာ ဥရောပအသင်းတွေနဲ့ အာရှအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Myanmar Rowing & Canoeing Federation  
4 years Ago
Up