မြန်မာဘောလုံးသမား ၂ ဦး စင်ကာပူကလပ်သို့ ပြောင်းရွှေ့ကစားမည်

February 13, 2017

မြန်မာဘောလုံးသမား ၂ ဦး စင်ကာပူကလပ်သို့ ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ ရတနာပုံကလပ်အသင်းက နန္ဒလင်းကျော်ချစ်နဲ့ နေပြည်တော်က အောင်ကျော်နိုင်တို့ ၂ ဦးဟာ စင်ကာပူကလပ် ဘလက်စတီးယားအသင်းဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ဘလက်စတီးယားအသင်းနဲ့ ဒီကနေ့မှာ ကြံ့ခိုင်မှုစစ်ဆေးခံယူမှာဖြစ်ပြီး တနှစ်စာချုပ်နဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုကြမှာ ဖြစ်ပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ တလကို အမေရိကန်ဒေါ်လာ ၂၈၀၀ လစာ ရရှိမှာပါ။ မြန်မာကစားသမားတဦးအနေနဲ့ ပြည်ပကလပ်အသင်းတသင်းမှာ သွားရောက်ကစားခွင့်ရတာကို ဂုဏ်ယူမိပြီး စင်ကာပူလိဂ်မှာ ခြေစွမ်းပြကစားကာ လက်ရွေးစင်အသင်းမှာ ပြန်ပါဖို့ ကြိုးစားသွားမယ်လို့ မြန်မာကစားသမားတွေက ပြောပါတယ်။ စင်ကာပူကလပ် ဘလက်စတီးယားအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ မြန်မာကစားသမားတွေကို ခေါ်ယူဖို့အတွက် သက်ဆိုင်ရာ မြန်မာကစားသမားတွေဆီ တရားဝင်စာပို့ပြီး ကမ်းလှမ်းခဲ့တာပါ။ ဘလက်စတီးယားအသင်း ကမ်းလှမ်းခဲ့တဲ့ ကစားသမားတွေထဲမှာ ဧရာဝတီ ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်း၊ ရှမ်းတိုက်စစ်မှူး စိုးမင်းဦးတို့ ပါဝင်ခဲ့ပြီး စိုးမင်းဦးက ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ကျော်ဇေယျာဝင်းကတော့ ဧရာဝတီအသင်းက ခွင့်မပြုခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။ စင်ကာပူ S-League ပြိုင်ပွဲမှာ ကလပ်အသင်း ၉ သင်း ပါဝင်ပြီး ဘလက်စတီးယားအသင်းက ၂၀၁၆ ဘောလုံးရာသီမှာ အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ မြန်မာကစားသမား ၂ ဦးကို ခေါ်ယူစာချုပ်မှာဖြစ်သလို မလေးရှား ကစားသမား ၁ ဦးကိုလည်း စာချုပ်ခေါ်ယူထားတယ်လို့ သိရပါတယ်။
4 years Ago
Up