မြန်မာဘောလုံးနည်းပြ

April 23, 2019

မြန်မာဘောလုံးသမိုင်းတလျှောက် လစာအများဆုံးနည်းပြအဖြစ် မွန်တီနီဂရိုးနည်းပြသစ် စံချိန်တင်

မွန်တီနီဂရိုးနည်းပြ ရာဂျူလိုဗစ်ကို မြန်မာဘောလုံးသမိုင်းတလျှောက် လစာအများဆုံးပေးပြီး ခန့်အပ်လိုက်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လက်ဘနွန်အသင်းကို ၄ နှစ်ကြာ ကိုင်တွယ်ပြီး ရလဒ်ကောင်းတချို့ ရရှိခဲ့တဲ့ နည်းပြ လိုဗစ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနည်းပြရာထူးအတွက် အင်္ဂလန်၊ ဘရာဇီး၊ ဟော်လန်နဲ့ တခြားနိုင်ငံတွေက နည်းပြ ၅၅ ဦးလောက် လာရောက်လျှောက်ထားခဲ့ပြီး အင်တာဗျူးတွေ ပြုလုပ်အပြီးမှာ မွန်တီနီဂရိုးနည်းပြ ရာဂျူလိုဗစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ရာဂျူလိုဗစ်ရဲ့ လစာကို ထုတ်ဖော်ပြောကြားလို့ မရပေမယ့်လည်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြ သမိုင်းမှာတော့ လစာအများဆုံး ပေးချေရတဲ့ နည်းပြအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာဘောလုံးသမိုင်းတလျှောက်မှာ နိုင်ငံခြားသားနည်းပြ စုစုပေါင်း ၁၂ ဦးလောက် ခန့်အပ်ခဲ့ဖူးပြီး လက်ရှိနည်းပြ ရာဂျူလိုဗစ်က ၁၃ ယောက်မြောက် နိုင်ငံခြားသားနည်းပြ ဖြစ်ပါတယ်။ နည်းပြသစ် လိုဗစ်အနေနဲ့ လာမယ့် စက်တင်ဘာလအတွင်းမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပြရမှာဖြစ်ပြီး အဲဒီပွဲတွေ မတိုင်ခင်မှာလည်း နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပါတယ်။ အသက် ၅၁ နှစ်ရှိ လိုဗစ်ဟာ ကစားသမားဘဝက ကွင်းလယ်ကစားသမားတဦးဖြစ်ပြီး မွန်တီနီဂရိုး၊ ဆာဘီးယား၊ ဂရိနဲ့ ဆွီဒင် ကလပ်တချို့မှာ ကစားခဲ့ဖူးပါတယ်။ နည်းပြဘဝ အစကိုတော့ ပြည်တွင်းကလပ် ဇီတာအသင်းနဲ့ စတင်ခဲ့ပြီး ပေါ်တူဂီ၊ ရုရှား၊ ကာဇက်စတန်နဲ့ ကူဝိတ်ကလပ်တွေမှာလည်း နည်းပြခဲ့ဖူးတဲ့ ပရော်ဖက်ရှင်နယ်နည်းပြလိုင်စင်ရ နည်းပြတဦး ဖြစ်ပါတယ်။ ဒါ့အပြင် ဆားဘီးယားနဲ့ မွန်တီနီဂရိုး အိုလံပစ်အသင်းနဲ့ ယူ-၁၉ အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
2 years Ago
Up