မြန်မာနေရှင်နယ်လိဂ်-၂ တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ယူ-၁၈ လက်ရွေးစင်အသင်း

February 10, 2017

မြန်မာနေရှင်နယ်လိဂ်-၂ တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ယူ-၁၈ လက်ရွေးစင်အသင်း

မန္တလေးဘောလုံးအကယ်ဒမီက လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာယူ-၁၈ အသင်းဟာ ပြိုင်ပွဲအတွေ့အကြုံ ရရှိစေဖို့အတွက် လိဂ်-၂ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ လူငယ်ကစားသမားတွေ ဖြစ်တဲ့အတွက် လိဂ်-၂ ပြိုင်ပွဲကနေ အခွင့်အရေးများစွာ ရရှိမှာဖြစ်တယ်လို့ ယူ-၁၈ နည်းပြချုပ် ဦးညီညီလတ်က ပြောပါတယ်။ “ဒီအသင်းက ၁၆ နှစ်ကနေ အခြေခံထားတယ်ပေါ့နော်။ နောက်ပြီးတော့ လိဂ်-၂ ကို ဝင်မပြိုင်နိုင်ဘူးဆိုရင် ဒီကလေးတွေက ပြိုင်ဘက်မရှိဘူး။ ကျနော်တို့က ဒီအသက်အရွယ်တွေမှာ ဒီလို Competition တွေရှိတယ်။ အဲဒီတော့ လိဂ်-၁ လူငယ်၊ လိဂ်-၂ လူငယ်က တော်တော်လေး ပြိုင်ဆိုင်မှု အများကြီးလျော့တယ်။ အခု ဒီပြိုင်ပွဲကလည်း တွေ့တဲ့အတိုင်းပဲ အတွေ့အကြုံရှိတဲ့ ဘောလုံးသမားတွေ ရှိတယ်။ သူတို့ဆီကနေ ကျနော်တို့က သင်ယူတာပေါ့နော်။ Game တခုကို ဘယ်လို အကောင်းဆုံး ကစားနိုင်မလဲပေါ့။ အဲဒီအတွက်ကြောင့် ကျနော်တို့ လိဂ်-၂ ပြိုင်ပွဲဝင်တာလည်း ကျနော်တို့အတွက် အခွင့်အရေးအများကြီး ရှိပါတယ်။” လိဂ်-၂ ပြိုင်ပွဲမှာ ကိုယ့်ထက်ကြီးတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် နိုင်ငံတကာပွဲတွေမှာ အောင်မြင်မှုရဖို့ အထောက်အကူဖြစ်စေတယ်လို့ ယူ-၁၈ အသင်းခေါင်းဆောင် ပြည့်စုံနိုင်က ဆိုပါတယ်။ “ကျနော်တို့ အရင်ကထက်စာရင် တော်တော်လေး တိုးတက်လာပါတယ်။ ဒါပေမယ့် ကျနော်တို့ အများကြီးကြိုးစားဖို့ လိုပါတယ်။ အားနည်းချက်တွေလည်း ရှိသလို အားသာချက်တွေလည်း ရှိပါတယ်။ ကျနော်တို့က Team Work ကောင်းတယ်။ ဆရာကလည်း ကျနော်တို့ကို Team Work နဲ့ကစားဖို့ ညွှန်ကြားတယ်။ အားနည်းချက်ကတော့ ကျနော်တို့ နည်းနည်းလေး လုပ်ရဦးမယ်။ ဒီ လိဂ်-၂ က ကိုယ့်ထက်ကြီးတဲ့သူတွေ ကစားတာလေ။ ကျနော်တို့ အဲဒီလို ကိုယ့်ထက်ကြီးတဲ့သူနဲ့ ကစားတော့ နိုင်ငံတကာအတွေ့အကြုံရတယ်။ နိုင်ငံတကာကလူတွေက ကျနော်တို့ထက်စာရင် နည်းနည်းကြီးတယ်။ အဲဒီတော့ ကြီးတဲ့သူတွေနဲ့ ဘယ်လိုကစားရမလဲဆိုတဲ့ အတွေ့အကြုံကောင်းတွေ ရတယ်။” လက်ရှိ ယူ-၁၈ လူငယ်အသင်းဟာ ၂၀၁၅ အာဆီယံ ယူ-၁၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တာပါ။ အသက်မှန်ကန်မှုရှိပြီး သူတို့ရဲ့ မျိုးဆက်မှာတော့ အကောင်းဆုံး ကစားသမားတွေဖြစ်တယ်လို့ နည်းပြချုပ် ဦးညီညီလတ်က ပြောပါတယ်။ “ဒီကလေးတွေရဲ့ talent အလားအလာကတော့ သူတို့ Generation မှာတော့ သူတို့တွေက အကောင်းဆုံးပါပဲ။ ဒီနေရာမှာတော့ သူတို့တွေက အကယ်ဒမီဘောလုံးသမားတွေ၊ ပြင်ပကလပ်အသင်းတွေဆိုတော့ ဒီလိုမျိုး ပြိုင်ပွဲတွေကို ဒီကလေးတွေရဲ့ talent ကနေပြီး အနိုင်ရရှိအောင် ကစားနိုင်ဖို့၊ ဒီကစားကွက်ထဲကို ပြိုင်ဘက်ကို လေ့လာသုံးသပ်ပြီး ကစားနိုင်ဖို့အတွက် သူတို့ကို အများကြီးလိုတယ်။ ဒါပေမယ့် ပြောချင်တာက သူတို့ Generation မှာတော့ အသက်မှန်မှန်နဲ့ အကောင်းဆုံးကလေးတွေပါ။ လိုအပ်ချက်တွေ ပြုပြင်မယ်။ အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြန်လုပ်မယ်ဆိုတော့ ဒီပြိုင်ပွဲတပွဲ အောင်မြင်ဖို့ဆိုတာကတော့ အချိန်တခု တိုတိုလေးမှာ ဘယ်တော့မှ မရနိုင်ဘူး။ အချိန်ပေးရမယ်။ သူတို့ကိုလည်း စိတ်ရှည်ရမယ်။” မြန်မာ ယူ-၁၈ အသင်းကို ဖီးနစ်အသင်းအမည်နဲ့ နှစ်သင်းဖွဲ့စည်းထားပြီး  ဖီးနစ် (က) အသင်းက လိဂ်-၂ ပြိုင်ပွဲ၊ ဖီးနစ် (ခ) အသင်းက ယူ-၂၀ လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ မြန်မာလူငယ်အသင်းဟာ ဧပြီလအတွင်းမှာ ကျင်းပမယ့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အာဆီယံဖလားပြိုင်ပွဲနဲ့ အာရှခြေစစ်ပွဲစဉ်တွေလည်း ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
4 years Ago
Up