မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ရေရှည်ရပ်တည်နိုင်ရန် အိမ်ကွင်းကျင်းပနိုင်ဖို့လို

September 22, 2016

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ရေရှည်ရပ်တည်နိုင်ရန် အိမ်ကွင်းကျင်းပနိုင်ဖို့လို

မြန်မာဘောလုံးကလပ်အသင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အိမ်ကွင်းလက်ခံကျင်းပနိုင်ဖို့ လိုတယ်လို့ ဘောလုံးအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ၀င်ငွေရရှိမှု နည်းပါးတာကြောင့် ပြိုင်ပွဲဝင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကလပ်အသင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် အိမ်ကွင်းလက်ခံကျင်းပနိုင်ဖို့ လိုတယ်လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။ “အဓိကကတော့ ဂိတ်မန်းနီးပေါ့၊ အိမ်ကွင်း အဝေးကွင်း များများကျင်းပရမှာ။ လက်ခံကျင်းပရမှာ။ မကျင်းပနိုင်သေးရင်တော့ ဒီအခက်အခဲတွေ ရှိမှာပဲ။ လိဂ်အနေနဲ့တော့ အသင်းတွေ ရေရှည်ရပ်တည်နိုင်အောင် ထောက်ပံ့ကြေးကို ပိုပြီးတော့ တိုးမြှင့်ထောက်ပံ့နိုင်အောင် စီမံဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်မှာ စပွန်ဆာကြီးများများ ရအောင်လည်း ကျနော်တို့ ကြိုးစားနေတာ ရှိပါတယ်။ ဒါပေမယ့် ဘယ်စပွန်ဆာလဲ၊ ဘယ်လောက်ရပြီလဲကတော့ အခုချိန်မှာ ပြောလို့မရသေးပါဘူး။” မြန်မာနေရှင်နယ် ကလပ်အသင်းတသင်းရဲ့ တနှစ်ပျမ်းမျှ ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၈၀၀၀ ခန့်ရှိပြီး ပြန်ရတဲ့ဝင်ငွေက နည်းပါးတာကြောင့် နှစ်စဉ် အရှုံးပြနေတာပါ။ ကလပ်အသင်းတွေအနေနဲ့ ၀င်ငွေပြန်ကာမိဖို့အတွက် အိမ်ကွင်းကျင်းပဖို့လိုပြီး ကစားသမားတွေဘက်ကလည်း ပရိသတ်တွေကို စိတ်ကျေနပ်မှုပေးနိုင်အောင် ကစားနိုင်ဖို့လိုတယ်လို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောပါတယ်။ “စပွန်ဆာတွေ ဘာတွေ ရဖို့ဆိုတာကတော့ အသင်းကောင်းမှပဲ ရမယ်။ အသင်းမကောင်းရင် ၀င်ငွေဆိုတာ ဘယ်ကမှ မရနိုင်ဘူး။ မရနိုင်တော့ သူတို့စိုက်ရတာ လျော့အောင်ပဲ နံပါတ်တစ် အရင်လုပ်ရမယ်။ အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီးတော့ လုပ်နိုင်ရင် ပိုအဆင်ပြေမယ်လို့ ထင်တယ်။ လက်ရွေးစင်အသင်း အောင်မြင်မယ်။ လက်ရွေးစင်ကစားသမားတွေဟာ ထူးထူးချွန်ချွန် ကစားနိုင်မယ်ဆိုရင် ပရိသတ် စိတ်ဝင်စားမယ်။ ဘာကြောင့်လဲဆိုတော့ လက်ရွေးစင်ပွဲတိုင်းကို တီဗွီကပြနေတယ်။ အဲဒီမှာပြတဲ့ခြေစွမ်းကို အားမလိုအားမရဖြစ်ပြီးတော့ ဒီကွင်းထဲမှာ လာကြည့်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်ရင် ပရိသတ်များမယ်။” ဒီနှစ်ဘောလုံးရာသီအပြီးမှာ ဇေယျာရွှေမြေအသင်း ပြိုင်ပွဲကနုတ်ထွက်ခဲ့ပြီး မနောမြေအသင်းကလည်း ဆက်လက်ပြိုင်ပွဲဝင်ဖို့ အခက်အခဲရှိတာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ မြန်မာကလပ်အသင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အစိုးရရဲ့ ပံ့ပိုးကူညီမှုလည်း လိုအပ်တယ်လို့ အားကစားကလောင်ရှင် ရဲနိုင်ဝင်း(မင်းလှ) က ပြောပါတယ်။ “နိုင်ငံတကာမှာလည်း ဘောလုံးအသင်းတိုင်းက အမြတ်ရှိတဲ့ အသင်းကတော့ ရှားပါတယ်။ မရှိသလောက်ပါပဲ။ အကုန်လုံးက ရှုံးနေကြတာပဲ။ ဒါပေမယ့် သုံးလိုက်တဲ့ ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပြန် ကာဗာရိတ်ဖြစ်တဲ့ စပွန်ဆာရှစ်လိုဟာမျိုး ရှိရမယ်။ ဂိတ်မန်းနီးဟာမျိုး ရှိရမယ်။ ဒီမှာ ကျနော်တို့လုပ်နိုင်တာက ဘာလဲဆိုတော့ တိုင်းပြည်အီကိုနော်မီ တက်လာတယ်ဆိုရင် ၀င်လာတဲ့ အက်ဖ်ဒီအိုင်တွေကနေ ကျနော်တို့ စပွန်ဆာတွေ ကမ်းလှမ်းလို့ရတယ်။ အဲဒါလည်း ကျနော်တို့ အစိုးရပါဝင်ပတ်သက်မှုရှိရမယ်။ အစိုးရက အက်ဖ်ဒီအိုင်တွေကို ၀င်လာတာနဲ့ သူတို့နဲ့ ကျနော်တို့ ကွန်ထရက်တွေလုပ်တဲ့အခါမှာ ကျနော်တို့ဘောလုံးကိုတော့ ပံ့ပိုးပေးပါ။ အားကစားကိုတော့ ပံ့ပိုးပေးပါဆိုတဲ့ အစိုးရရဲ့ တိုက်တွန်းမှုရှိဖို့လိုတယ်လို့ ကျနော်ထင်တယ်။ လက်ရှိအခြေအနေမှာတော့ ဒီတိုင်းသွားရင် အခက်အခဲတွေ အများကြီးရှိပါတယ်။” မြန်မာနေရှင်နယ်လိဂ်မှာ အိမ်ကွင်းလက်ခံကျင်းပတဲ့ အသင်းတွေကို လိဂ်ကော်မတီက ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပေးပြီး တခြား အိမ်ကွင်းကျင်းပနိုင်ခြင်းမရှိတဲ့ အသင်းတွေကိုတော့ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ လာမယ့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရတနာပုံ၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ ဟံသာဝတီ၊ နေပြည်တော်၊ ရခိုင်၊ ဇွဲကပင်နဲ့ ဆောက်သမ်းမြန်မာ အသင်းတွေက အိမ်ကွင်း လက်ခံကျင်းပမှာဖြစ်ပြီး မကွေး၊ ချင်းနဲ့ GFA အသင်းတွေက အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်း မရှိသေးပါဘူး။
5 years Ago
Up