မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် 100 Plus ကုမ္ပဏီက တနှစ်ကို အမေရိကန်ဒေါ်လာ ၂ သိန်းကျော် ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
100 Plus ကုမ္ပဏီအနေနဲ့ ငွေကြေးနဲ့ အချိုရည်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သိန်းကျော် ထောက်ပံ့မှာဖြစ်ပြီး လူငယ်ဘောလုံးပြိုင်ပွဲတွေမှာ အဓိကထား ကူညီမှာဖြစ်သလို အခုနှစ် ကျင်းပမယ့် ယူ-၁၄ ပြိုင်ပွဲကိုလည်း အဓိကစပွန်ဆာအဖြစ် ကူညီပေးသွားဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဘောလုံးအားကစားက လူကြိုက်များတဲ့ အားကစားနည်းဖြစ်တာကြောင့် အခုလို ကူညီထောက်ပံ့တာ ဖြစ်တယ်လို့ 100 Plus ဈေးကွက်တာဝန်ခံ ပရာပတ်ရက်တန်နာပက်စ်က ပြောပါတယ်။
“မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်ကို ပံ့ပိုးကူညီတာက မြန်မာဘောလုံးပရိသတ်တွေကို ကူညီတာနဲ့ အတူတူပါပဲ။ တခြားနိုင်ငံတွေမှာလည်း ကူညီပံ့ပိုးမှုတွေ လုပ်တာရှိပေမယ့် မြန်မာနိုင်ငံမှာတော့ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးပြီး လက်ရွေးစင်တွေ ဖြစ်တဲ့အထိ ပံ့ပိုးပေးချင်တာပါ။ မြန်မာနိုင်ငံမှာ ဘောလုံးက လူကြိုက်အများဆုံး အားကစားဆိုတာ သိထားပါတယ်။ မြန်မာဘောလုံးအသင်းကို အာရှအဆင့်အထိသာမက ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်အထိရောက်အောင် ပံ့ပိုးကူညီသွားချင်ပါတယ်။”
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် 100 Plus အပါအဝင် စပွန်ဆာ ၁၃ ခုလောက် ရရှိထားပါတယ်။
ပြိုင်ပွဲကုန်ကျစရိတ် များတာကြောင့် ကုန်ကျစရိတ် ဘတ်ဂျက်ရဲ့ တဝက်တောင် မရသေးတဲ့အတွက် နောက်ထပ်ကုမ္ပဏီတခုနဲ့ ဆွေနွေးနေတယ်လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။
“၂၀၁၇ အတွက်က သုံးစွဲဖို့ လျာထားတဲ့ ဘတ်ဂျက်က ဒေါ်လာနဲ့ပြောရင် ၄ ဒသမ ၈ မီလီယံလောက် ရှိတယ်။ အခုလက်ရှိရတာက ၂ ဒသမ ၁ လောက်ပဲ ရှိသေးတယ်ဆိုတော့ လိုသေးတယ်ပေါ့နော်။ အဲဒီအတွက် စပွန်ဆာကို အစ်ကိုတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တိုင်တယ်စပွန်ဆာတခုနဲ့ ညှိနှိုင်းနေတာပေါ့။ ဒါကလည်း လိုချင်တဲ့ပမာဏအထိ ရနိုင်ရင်တော့ ကောင်းတာပေါ့။ လိုချင်တဲ့ပမာဏတော့ သူတို့လည်း မပေးနိုင်ဘူး။ ရာသီကလည်း စခါစ ဖြစ်နေပြီ။ ၃ ပွဲ ပြီးသွားပြီဆိုတော့ ဘယ်လောက်တော့ လျှော့ယူပါ။ တိုင်တယ်စပွန်ဆာအနေနဲ့ဆိုရင်လည်း လိဂ်အနေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ တိုင်တယ်စပွန်ဆာရဖို့ လိုအပ်တယ်။”
မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအတွက် စပွန်ဆာကုမ္ပဏီတွေ ရရှိထားပေမယ့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက်တော့ ငွေကြေးထောက်ပံ့ကူညီမယ့် စပွန်ဆာကုမ္ပဏီရရှိဖို့ အခက်အခဲ ဖြစ်နေပါတယ်။
6 years Ago