မြန်မာတွေ ဟင်းများများ စားဖို့ လိုတယ်

February 2, 2018

မြန်မာတွေ ဟင်းများများ စားဖို့ လိုတယ်

ကျနော့်ဆောင်းပါးခေါင်းစဉ်ကို ကြည့်ရင် ရွဲ့များ ရေးသားထားသလား ထင်မြင်ယူဆကြမယ် ထင်ပါတယ်။ ကျနော် မှန်သောစကားကို ဆိုခြင်း ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အာဟာရရှိသော ဟင်းတွေ များများစားဖို့ လိုအပ်လာပါပြီ။ ထမင်းတနပ် လျှော့စား၊ တမယ်ပဲစား ဆိုသောသူများကို အသာမေ့ထားကြပါ။ သူတို့တွေက အသက်ကြီးပိုင်း ရောက်လာကာ ဇရာအရ လျှာအရသာ မကောင်းတော့ ဟင်းတမယ် တနပ်လျှော့စားနေကြရသူတွေပါ။ ဒါက အသက်ကြီးလာတိုင်း ကြုံတွေ့လာမယ့် သဘာဝဖြစ်စဉ်တွေပါပဲလို့ ဖြေသိမ့်တွေးလိုက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား အတော်များများက ဆင်းရဲချမ်းသာမရွေး ဟင်းကို ဆီပြန် ချက်ပြုတ်စားကြပါတယ်။ ဂျပန်နိုင်ငံက အာဂျီနိုမိုတိုလေးကလည်း ကဲလိုက်ပါသေးတယ်။ ငွေကြေးအဆင်ပြေသူများက ဆီပြန်ဟင်း၊ ငါးပိ တို့စရာများနဲ့ စုံလင်လှသလို လူလတ်တန်းစားများနဲ့ ဆင်းရဲသားအများစုက ဟင်းတခွက်ကို အားထားပြီး ငါးပိရည် တို့စရာ အားကိုးစားကြပါတယ်။ အာဟာရပြည့်ဝသော အစားအစာတွေ သိပ်မပါဘူး။ တနေ့တာစားရမယ့် တွဲဖက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားကြတာ နည်းပါတယ်။ တရုတ်လူမျိုးတို့က ထမင်းစားကြတဲ့အခါ ထမင်းကို ပန်းကန်လုံး သေးသေးလေးထဲ ထည့်ပြီး အနည်းငယ်သာ စားကြသလို ဟင်းများများ စားတတ်ကြပါတယ်။ (ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်သူတွေ ဆန်ပြုတ်တောင် မနည်းသောက်နေကြရတာကို အသာထားပေါ့လေ။ ဒါက ကမ္ဘာစစ်အပြီးမှာ နိုင်ငံအတော်များများ ကြုံတွေ့နေကြရတာပါ။) ဟင်းတွေကို လေ့လာကြည့်တဲ့အခါမှာလည်း ဆင်းရဲချမ်းသာအလိုက် ဟင်းခွက် အနည်းအများ မတူကြပေမယ့် အာဟာရပြည့် ပါဝင်တဲ့ ဟင်းအမယ်တွေကို တွေ့ရပါတယ်။ ကြက်၊ အမဲ၊ ငါး စတဲ့ အသားဓာတ်တမျိုး၊ ဗီတာမင်ဓာတ်ပါတဲ့ အသီးအရွက်ကြော်တမျိုး၊ ကြက်ဥ နို့ထွက်ပစ္စည်း စတဲ့ အားရှိစေမယ့် ဟင်းတမျိုးနှင့် ကြက်၊ အမဲအရိုးပြုတ်ရည် ဟင်းချိုတမျိုး စုစုပေါင်း ဟင်းတမည် တခွက်စီ နေ့စဉ် တွဲဖက်အာဟာရ စားသုံးရမယ့် အစားအစာတွေ ပါတာကို တွေ့မြင်ရပါတယ်။ ကြက်ဥကို စားတဲ့နေရာမှာတော့ သူတို့က ပြုတ်စားကြတာ များပြီး Half Fried လောက်ပဲ ကြော်စားကြပါတယ်။ ခေါက်ကြော်ပြီး စားတာထက် အာနိသင် အာဟာရ ပိုမိုရရှိစေတယ်လို့ ဆိုပါတယ်။ မြန်မာဘုရင်တွေထဲမှာ ဟင်းခွက်သုံးရာနဲ့ ပွဲတော်တည်တဲ့ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) တို့လို ဘုရင်တွေ ရှိခဲ့ကြပါတယ်။ အစားကြီးသူဘုရင် ဆိုတော့ ဘယ်လောက်ထိစားလည်း အတော်စဉ်းစားရမယ်။ နည်းနည်းစီ နှိုက်စားရင်တောင် လက်အတော်ညောင်းလိုက်မယ် ဖြစ်ခြင်း။ ဒီမင်းတွေက ဟင်းအစုံ စားချင်တာရယ်၊ ကြွားချင်တာရယ် ပကာသနအတွက် ချတ်ပြုတ်ခိုင်းစေတယ်လို့ပဲ သုံးသပ်မိပါတယ်။ ကျနော်တို့ နိုင်ငံ ၇၅ ရာခိုင်နှုန်းသော ပြည်သူများက ထမင်းတနပ် လျှော့စားဖို့ နေနေသာသာ၊ ထမင်းနပ်မှန်အောင် မနည်းရုန်းကန် လုပ်ကိုင်ရှာဖွေ စားသောက်ရပါတယ်။ မနက်စာများဆို ငါးပိရည်တခွက် အကြောင်းပြ ပဲကြော် ပဲလှော်လေး ဖြူးပြီး ကြက်သွန်ဖြူလေး ကိုက်၊ တမနက်စာ ပြီးသွားပြန်တာပဲ။ မိဘများက ဖြစ်သလို စားကြပေမယ့်လည်း သားသမီးတွေ ကြည့်ပြီး စိတ်မကောင်းဖြစ်လာပြီဆို မိုးရာသီဆို ဖားစာ၊ ငါးစာ အရှာထွက်ကြ၊ အခြားရာသီဆိုရင်တော့ အိပ်တန်းပေါ်ကကြက် လောက်စာလုံးစာမိပြီ မှတ်ပါ။ ဟင်းတမယ် ကောင်းကောင်း မစားနိုင်ကြသူတွေ မြို့ပြဆင်ခြေဖုံးနဲ့ ကျေးလက်တောင်ပေါ်တွေမှာ ယနေ့ထိ ရှိနေဆဲပါ။ ၂၀၁၇ အထိ စစ်တမ်းများအရ နိုင်ငံသားတဦးချင်းစီရဲ့ GDB ဒေါ်လာ ၁၃၀၀ သာရှိပြီး လာအိုနိုင်ငံက ၂၁၃၅ ဒေါ်လာ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက အာရှမှာ နောက်ဆုံးအဆင့်နား ဖြစ်နေပါပြီ။ ယခုအခါ အလုပ်သမား အဖွဲ့အစည်းတွေက ရှစ်နာရီ တနေ့ အလုပ်လုပ်ချိန်ကို ၅၆၀၀ တောင်းဆိုလာကြပါတယ်။ အလုပ်ရှင်အချို့ဘက်ကလည်း ၃၆၀၀ သာ ပေးနိုင်မယ်လို့ ပြောဆို စာတင်လာတာကြောင့် အလုပ်သမားဝန်ကြီးဌာနကလည်း ၄၈၀၀ ကြားချ သတ်မှတ်ပေးမယ်လို့ ပြောကြားသံတွေ ကြားနေရပါပြီ။ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်နိုင်ငံများ ထွက်ပြီး မိသားစု စားဝတ်နေရေး သွားလုပ်နေကြတဲ့သူများ ရှိကြသလို အလုပ်အကိုင် အခွင့်အလမ်း နည်းနေသေးပေမယ့် ကိုယ့်နိုင်ငံမှာပဲ ရသမျှ လစာလေးနဲ့ ကျေနပ်ရုန်းကန်နေရသူများ ရှိပါတယ်။ ဒီလိုအချိန် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက် ကြီးပွားစေဖို့ ဟင်းများများစားရန် ဘယ်လိုဖြစ်နိုင်ဦးမလားဆိုရင် နောက်ဆုံး နိုင်ငံတော်မှာပဲ တာဝန်ရှိလာပါတယ်။ ကျနော်တို့ငယ်ငယ်က ဖက်ဆစ်ဂျပန် တော်လှန်ရေးကားတွေ အတော်ကြည့်ဖူးပါတယ်။ သီဟတင်စိုး ခေတ်ပေါ့လေ။ အဲဒါမှာ ဂျပန်ငပုတွေကို တော်လှန်တိုက်ခိုက်ရမယ် ဆိုတဲ့စကား အမြဲပါပါတယ်။ တကယ်လည်း အဲဒီအချိန်က ဂျပန်အများစုက ပုတက်တက်လေးတွေလို့ စာတွေထဲ ဖတ်ဖူးတယ်။ ၂၀၀၈ ခုနှစ်မှာ ကျနော် သင်္ဘောတက်ရင်း ဂျပန်နိုင်ငံ ရောက်သွားတော့ လူငယ်တွေဆို ဘယ့်နှယ် ထွားကျိုင်းလိုက်ကြတာဗျာ။ မော့ကြည့်နေရတယ်။ သူတို့တွေ ဘယ်လောက် အဲလောက် ခန္ဓာတွေ ဖြစ်သွားကြတာတုန်း။ လေ့လာကြည့်လိုက်တော့.... ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်လျော်ကြေးတွေနဲ့ ဂျပန်နိုင်ငံက အတော် ဒေါင်ချာစိုင်းနေတဲ့ အချိန်ပါ။ သို့ပေမယ့် သူတို့ရဲ့ mind set ပုံသေ အတွေးအခေါ် စိတ်ဓာတ်တွေကို လုံးဝ ဆန့်ကျင်ဘက် ပြောင်းလဲပစ်ပြီး စီးပွားရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချလုပ်ကိုင်လာပါတယ်။ ကမ္ဘာ့အလယ်မှာ ဂျပန်ငပုတွေ ခေါ်ခံရတဲ့ သူတို့က  ဒုတိယကမ္ဘာစစ်အပြီး  ဆယ်စုနှစ် နှစ်ခုအကျော်လောက်မှာ ခန္ဓာကိုယ် ထွားကျိုင်းလှသော ကလေးလူငယ်တွေ ရှိနေပါပြီ။ ဂျပန်အစိုးရ လုပ်ဆောင်ပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မွေးကင်းစ ကလေးတွေကို စပြီး အာဟာရ ကောင်းကောင်းကျွေး၊ အားဆေးတွေ တိုက်တာက စတာ မဟုတ်ပါဘူး။ အဲဒီကလေးကို မွေးဖွားမယ့် မိခင်ကစပြီး ပြောင်းလဲလိုက်တာပါ။ တနိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်စလွယ်ပြီဆိုတာ သိတဲ့ မိခင်တိုင်းကို မနက် နေ့ ည အာဟာရဖြစ်သော၊ ကလေးကြီးထွားသန်မာစေသော အစားအစာ၊ ဘာတွေ စား၊ ဘာတွေ သောက် တသမတ်တည်း အစိုးရက ညွှန်ကြားပြီး မဖြစ်မနေ မလုပ်မနေရ စီမံကိန်းနဲ့ လုပ်ဆောင်ပါတယ်။ ကျနော်တို့ တခါတလေ တွေးမိတာရှိတယ်။ တို့နိုင်ငံကြီး အကောင်းဆုံး ပြောင်းလဲဖို့ ဘယ်ကစလုပ်ရင် ကောင်းမလဲဆို အပျော်ပြောကြသူတွေက ၅ နှစ်အထက်ကစပြီး အကုန်သတ်ပစ်လို့ ဉာဏ်နည်းပြောကြတယ်။ ဂျပန်နိုင်ငံလို စဉ်စားတဲ့သူ မြန်မာနိုင်ငံမှာ ယခင်က မရှိခဲ့လေတော့ ပြည်ပအားကစားတွေမှာ မြန်မာက ခေါင်းတလုံး ပုနေတာပေါ့။ အားကစားမှာ ကစားကွက်နည်းပညာ ၇၅ ရာခိုင်နှုန်းဆိုသော် ခန္ဓာကိုယ် ကြီးထွားကြံ့ခိုင်မှုက ၂၅ ရာခိုင်နှုန်းလောက် အဓိကကျမယ်လို့ ဆိုချင်ပါတယ်။ တိုင်းတပါးမှ အတုယူသင့်တာများကိုလည်း အတုယူရမှာပါ။ သဘာဝကို ဒီအတိုင်းထားလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲသင့်သလောက် ပြောင်းပေးရမယ်။ ဒါပေမယ့် သဘာဝလွန် ပြောင်းလဲမှုကလည်း ဘေးဥပဒ် ပြန်ဖြစ်စေပါတယ်။ ဥပမာ ငှက်ပျောသီးအမှည့် မြန်မြန်စားစေချင်ရင် ကျနော်တို့ ငယ်ငယ်ကလို အိုးထဲ၊ ပုံးထဲ ကောက်ရိုးတွေနဲ့ ထည့်အုပ်လိုက်တယ်။ သာမန် ၁၀ ရက်မှ မှည့်မှာကို ၇ ရက်လောက်နဲ့ စားလို့ရပါတယ်။ အဲ အခုခေတ်များကျတော့ တရုတ်ကလာတဲ့ တို့ဆေး၊ ထိုးဆေးတွေ အသုံးပြုပြီး နှစ်ရက်လောက်နဲ့ အမှည့်မြန် အကျက်မြန်တွေကျပြန်တော့ သဘာဝလွန် ဖြစ်နေတာမို့ ကျန်းမာရေး ထိခိုက်လာစေပါတယ်။ သူများနိုင်ငံက မကောင်းတဲ့ဖြစ်စဉ် စီမံကိန်းများရှိပါက ရှောင်သင့် ရှောင်ရမယ်။ ဗုဒ္ဓဘုရားရှင် ဟောကြားဆုံးမထားသလို မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်အတိုင်း ကျွေးမွေးပြုပြင်ကြတာပေါ့။ ယခုအခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ရပ်ကျေးသားဖွားဆရာမများ၊ ဝန်ထမ်းများနဲ့ ကိုယ်ဝန်ဆောင်မိခင်များကို ဦးစားပေး ကြယ်လေးပွင့် စီမံကိန်းတွေ လုပ်လာတာတော့ တွေ့မြင်နေရပါတယ်။ ပထမကြယ်ကတော့ ကစီဓာတ် (starch) အင်အားကိုဖြစ်စေတဲ့ အခြေခံအစားအစာ ဂျုံ၊ ဆန်၊ အာလူး။ ဒုတိယကြယ် အသားဓာတ် (protein) ခန္ဓာကိုယ် ကြီးထွားစေတဲ့ ပဲအမျိုးမျိုး။ တတိယကြယ် ဗီတာမင်အေ (Vitamin A) ရောဂါကာကွယ်စေတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ။ စတုတ္ထကြယ် အသားဓာတ် (protein) ခန္ဓာကိုယ် ကြီးထွားစေတဲ့ အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းများ။ ဆီနှင့် ဆီထွက်သီးနှံ၊ ထောပတ် စသည်တို့ကလည်း အချို့သော ဗီိတာမင်များကို စုပ်ယူမှု အားပေးသည့်အပြင် အင်အားဓာတ် ပိုမိုရှိစေတယ်လို့ ဆိုပါတယ်။ အင်အားဖြစ်စေသော အစားအစာ၊ ခန္ဓာကိုယ် ကြီးထွားစေသော အစားအစာ၊ ရောဂါကာကွယ်ပေးသော အစားအစာတွေကို နေ့စဉ် ပြင်ဆင်ကျွေးပါလို့လည်း အသိပညာပေး ပြောကြားတာတွေပဲ လုပ်နေပါတယ်။ ပြည်သူများအနေနဲ့ အသား၊ ငါး၊ အသီးအရွက်၊ နို့ကြက်ဥတွေရဲ့ ပါဝင်တဲ့ ဓာတ်နဲ့ အရည်အချင်းတွေကို သိလာရင် ငွေကုန်ကြေးကျများမှ အာဟာရ ဖြစ်တာချည်းပဲ မတွေးဘဲ သင့်တင့်သော ငွေကြေးနဲ့ ချက်ပြုတ်စားသောက်ရင်လည်း ခန္ဓာကိုယ် ကြီးထွား သန်မာစေပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ ၂၀၁၈ ခုနှစ်ကစပြီး အသက် ၆ လမှ ၃ နှစ်အထိ ရှေးဦးကလေးငယ်များ စောင့်ရှောက်မှုနှင့် မိခင်စကားဝိုင်းတွေကို ပဲခူးတိုင်း မြို့နယ်အချို့မှာ စတင်လုပ်ကိုင်နေပါပြီ။ ကလေးငယ်တယောက်ကို တနေ့တာ စားသောက်ဖို့ ၃၅၀ ကျပ်လည်း စတင်ထောက်ပံ့ပေးကာ တက်ကြွလှုပ်ရှားသူ မိခင်ဝိုင်း ခေါင်းဆောင်များကို တလ ၃ သောင်းနှုန်းနဲ့ စီမံချက် စတင်နေပါပြီ။ ဒါတွေ ခြုံငုံပြောရမယ်ဆိုရင် နေ့စဉ် အာဟာရဖြစ်သော အစားအစာတွေ၊ ဟင်းတွေ များများစားဖို့ အစိုးရက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အစိုးရ ဌာနဆိုင်ရာအလိုက်မှလည်း လက်တွေ့ကျကျ နှစ်ကာလ သက်တမ်းတခု သက်မှတ်၍ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ကလေးငယ်များကို ဒီထက်ပိုပြီး ဖိဖိစီးစီး  လုပ်ဆောင်လာလိုက်ရင် ဆယ်စုနှစ် တခုကျော်မှာပင် မြန်မာနိုင်ငံသူ နိုင်ငံသား အနာဂတ် မျိုးဆက်များ တိုးတက်ပြောင်းလဲ ကြီးထွားဖွံ့ဖြိုးလာမယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။ အာဟာရရှိစေသော ဟင်းတွေ များများစားပြီိး ကျနော်တို့တွေထက် ခန္ဓာကိုယ်ဖွံ့ထွား ဉာဏ်ရည်မြင့်သော အနာဂတ် သားကောင်း သမီးကောင်း ရတနာများ ပေါ်ထွန်းလာကြပါစေ။ ဗိုလ်သူရိန်
4 years Ago
Up