မြန်မာအသင်းရှုံးနိမ့်

August 26, 2017

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို မြန်မာအသင်းရှုံးနိမ့်

၂၉ ကြိမ်မြောာက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီကနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာယူ  ၂၂ က ထိုင်းယူ ၂၂ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ မြန်မာယူ ၂၂ အသင်းအနေနဲ့ ထိုင်းအသင်းထက် ၃ ရက်လောက် နားရက်ပိုရထားပေမယ့် ကစားသမားတွေ အချိတ်အဆက်မမိခဲ့တာကြောင့် ထိုင်းအသင်းရဲ့ နောက်ကျဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတိုက်စစ်မှာ အောင်သူနဲ့ သန်းပိုင်ကို တွဲဖက်ကစားစေခဲ့ပြီး မောင်မောင်လွင်၊ စည်သူအောင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး တို့နဲ့ လူစုံပွဲထွက်ခဲ့တာပါ။ မြန်မာအသင်းဟာ တိုက်စစ်နဲ့ ကွင်းလယ်မှာ အချိတ်အဆက်မမိခဲ့တာကြောင့် ဂိုးရနိုင်မယ့် အခွင့်အရေးလည်း သိပ်မရခဲ့ပါဘူး။ ထိုင်းအသင်းက ဂိုးသွင်းခွင့်ပိုရခဲ့ပြီး မြန်မာဂိုးသမား ဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် စည်သူအောင်နဲ့ မောင်မောင်လွင်တို့ကို ထုတ်ပြီး အောင်ကောင်းမာန်နဲ့ရှိုင်းသူရတို့ကို လူစားလဲ ကစားစေခဲ့ပေမယ့် လိုအပ်နေတဲ့ ဦးဆောင်ဂိုး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပွဲချိန်မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်အရောက်မှာတော့ ဘယ်ခြမ်းကနေ ဖြတ်တင်ပေးမှုကို ထိုင်းတိုက်စစ်မှူး ချန်ရော့ဆန်ဖာအိုဒီက ခေါင်းတိုက်သွင်းယူခဲ့လို့ ထိုင်းအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ မြန်မာယူ ၂၂ အသင်းအနေနဲ့ လာမယ့် သြဂုတ် ၂၉ ရက်မှာ တတိယလုပွဲအဖြစ် မလေးရှားနဲ့ အင်ဒိုနီးရှား ပွဲမှ ရှုံးနိမ့်တဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လွှမ်းမိုးအောင်၊ ဓာတ်ပုံ-ထက်လူ (ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ မြန်မာဘောလုံးပရိသတ်များ)
4 years Ago
Up