မြန်မာအသင်းခေါင်းဆောင်

A d v e r t i s e m e n t With Us

November 4, 2016

အင်ဒိုနီးရှားနှင့်ပွဲတွင် ခြေစွမ်းအမှန် မြင်တွေ့ရမည်ဟု မြန်မာအသင်းခေါင်းဆောင် ပြော

အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရမယ်လို့ မြန်မာအသင်းခေါင်းဆောင်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနဲ့ အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့ဟာ နိုဝင်ဘာ ၄ ရက်မှာ ခြေစမ်းပွဲကစားမှာဖြစ်ပြီး အဲဒီပွဲမှာ မြန်မာအသင်းရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရမယ်လို့ အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောဆိုလိုက်တာပါ။ အင်ဒိုနီးရှားအသင်းဟာ ခြေစွမ်းမြင့်မားတဲ့အသင်းဖြစ်ပေမယ့် အနိုင်ရဖို့ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။ “အင်ဒိုနီးရှားနဲ့ သိပ်မကန်ဖူးဘူး။ ကလပ်တွေနဲ့တော့ ကန်ဖူးတယ်။ ခြေစွမ်းမြင့်တယ်။ ဥရောပခြေစမ်းပွဲတွေတုန်းက မြန်မာပရိသတ်တွေ သိပ်မကြည့်ရဘူး။ မနက်ဖြန်ပွဲကတော့ မြန်မာအသင်းရဲ့ ခြေအမှန်ကို သိရမယ်။ မြန်မာအသင်း တိုးတက်လာသလား၊ ကျလာသလားဆိုတာကို မနက်ဖြန်ပွဲ လာကြည့်ပြီး ဝေဖန်ပေးပါ” လို့ ရန်အောင်ကျော်က ဆိုပါတယ်။ ခြေစမ်းကစားမယ့် အင်ဒိုနီးရှားအသင်းဟာ တဦးချင်းခြေစွမ်းကောင်းသလို အသင်းလိုက် ကစားပုံလည်း ကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့ မြန်မာနည်းပြ ဂတ်ဆီဇီက ပြောပါတယ်။ “ဥရောပလေ့ကျင့်ရေးခရီးစဉ်ကနေ ပြန်ရောက်ကတည်းက ကြံ့ခိုင်မှုအပိုင်းကို အကောင်းဆုံး ပြင်ဆင်ခဲ့ပြီးပါပြီ။ အင်ဒိုနီးရှားအသင်းက တဦးချင်းခြေစွမ်းကောင်းသလို အသင်းလိုက်စုဖွဲ့မှုလည်း ကောင်းပါတယ်။ ရလဒ်ပိုင်း ဘယ်လိုဖြစ်မလဲဆိုတာကတော့ မနက်ဖြန်မှာ တွေ့ရပါလိမ့်မယ်။ ကစာသမားတွေဘက်က ပွဲကစားဖို့ စိတ်အားထက်သန်နေပါတယ်။ လေ့ကျင့်မှုတွေ လုပ်နေရတဲ့အတွက် အင်ဒိုနီးရှားနဲ့ပွဲက အသင်းအတွက် အကျိုးရှိပါတယ်။ ဥရောပမှာ ခြေစမ်းခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ခြေစွမ်းက ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတခုလို မကစားခဲ့ရတဲ့အတွက် ဒီပွဲက အသင်းရဲ့ ခြေစွမ်း ဘယ်လိုရှိမလဲ သိရမှာပါ။” အင်ဒိုနီးရှားနည်းပြ အဲဖရက်ရီဒယ်ကတော့ မြန်မာအသင်းရဲ့ ကစားပုံတွေကို ယူကျုကနေ လေ့လာထားပြီး အသင်းလိုက်ကစားပုံ ကောင်းတဲ့အသင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်အသင်းကမှ အနိုင်ရဖို့ လွယ်ကူမှာမဟုတ်ဘဲ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ မလေးရှားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး ဗီယက်နမ်နဲ့ ၂ ဂိုးစီ သရေ ကစားထားပါတယ်။
4 years Ago
Up