မြန်မာအသင်းကို လျော့မတွက်ရန် ထိုင်းနည်းပြ ကိုင်တီဆတ်ပြော

December 7, 2016

မြန်မာအသင်းကို လျော့မတွက်ရန် ထိုင်းနည်းပြ ကိုင်တီဆတ်ပြော

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် မနက်ဖြန် မြန်မာနဲ့ ထိုင်းကန်မယ့်ပွဲမှာ မြန်မာအသင်းကို လျော့မတွက်မိဖို့လိုတယ်လို့ ထိုင်းလက်ရွေးစင်အသင်းနည်းပြ ကိုင်တီဆတ်က ပြောပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာလို့ မြန်မာ ဘောလုံးဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနည်းပြ ကိုင်တီဆတ်က "မြန်မာအသင်းနဲ့ ကစားမယ့်ပွဲမှာ ကစားသမား အချို့ အပြောင်းအလဲ ပြုလုပ်ကစားသွားဖို့ ရှိပါတယ်။ မြန်မာအသင်းက အသင်းကောင်း တစ်သင်းဖြစ်လို့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်လာတာပါ။ ဒါကြောင့် လျှော့မတွက်မိဖို့ လိုပါတယ်။ ကျနော်တို့ ရလဒ်ကောင်း ရဖို့ ဆက်ပြီး ကြိုးစားနေရဦးမှာပါ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ "လို့ပြောပါတယ်။ မြန်မာနည်းပြ ဂတ်ဆီဇီကတော့ မြန်မာ ပရိသတ်တွေအတွက် မနက်ဖြန်ပွဲမှာ တစ်သင်းလုံး အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ "ကျနော်တို့ မြန်မာအသင်းအနေနဲ့ကလည်း နောက်ဆုံး မိနစ်အထိ အခွင့်အရေး ရှိနေပါသေးတယ်။ ရတဲ့ အခွင့်အရေးအတိုင်း ကျနော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျနော်တို့ မြန်မာ ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုး ဖြစ်ဖို့ ဦးစားပေး ပြင်ဆင်ထားပါတယ်။ မြန်မာ ပရိသတ်တွေအတွက် မနက်ဖြန်ပွဲမှာ အစွမ်းကုန် ကြိုးစားကြဖို့ တစ်သင်းလုံး ဆုံးဖြတ်ပြီးသွားပါ။ တစ်ဦးချင်း အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားကြဖို့ မှာကြားထားပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ တစ်ဦးချင်း အမှားကနေ ဂိုးပေးလိုက်ရတာ ဖြစ်လို့ မနက်ဖြန်ပွဲမှာ ဒီလိုမဖြစ်အောင် ကြိုးစားကြပါမယ်။" ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်က ရန်ကုန်မှာ ကန်တဲ့ ဆီမီးဖိုင်နယ် ပထမအကြော့ပွဲစဉ်မှာ ထိုင်းက မြန်မာကို ၂ ဂိုးပြတ်အနိုင်ရပြီး အဝေးကွင်းသွင်းဂိုး ၂ ဂိုး အသာရနေတဲ့အတွက် မြန်မာအသင်းအနေနဲ့  ဗိုလ်လုပွဲ တက်နိုင်ရေး မျှော်လင့်ချက်နည်းပါးနေတာဖြစ်တယ်။ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲ၊ ရာဇမင်္ဂလာဘောလုံးကွင်းမှာ အိမ်ရှင် ထိုင်းအသင်းနဲ့ မြန်မာ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အလားတူ ဗီယက်နမ်နိုင်ငံမှာလည်း ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဆီးမီးဖိုင်နယ် ဒုတိယအကြော့ အဆုံးအဖြတ်ပွဲစဉ်အဖြစ်  ဒီကနေ့ ညယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။
5 years Ago
Up