မြန်မာအလှမယ်

November 15, 2017

ခြင်းလုံးပုံဝတ်စုံဖြင့် Miss International ပြိုင်ပွဲဝင် မြန်မာအလှမယ် (ရုပ်သံ)

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss International 2017 ပြိုင်ပွဲမှာ မြန်မာအလှမယ် စဝ်ယွန်းဝတီဦးက ထူးထူးခြားခြား ခြင်းလုံးပုံသဏ္ဌာန် ဖန်တီးထားတဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒီဝတ်စုံရဲ့ ဒီဇိုင်းကိုတော့ ဒီဇိုင်နာ Ahlatt Lumyang က ဖန်တီးချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာတော့ နှစ်သက်သဘောကျသူတွေ ရှိခဲ့သလို တချို့ကလည်း ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ဒီဝတ်စုံဟာ အကောင်းဆုံး ဆန်ခါတင် ၁၅ ဦးစာရင်းထဲမှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒီအပေါ်မှာ အလှမယ် စဝ်ယွန်းဝတီဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားခဲ့တာကို တွေ့ရပါတယ်။ “အမှန်ဆို အဖက်ဖက်က ဒီလောက်ပြည့်စုံအောင် ပံ့ပိုးပေးထားရက်နဲ့ Top 15 တောင်မဝင်တာ စဝ် ညံ့လို့ မတော်လို့ လို့ပဲမြင်ပါတယ် ... ရှုံးနိမ့်မှုအတွက် ဆင်ခြေမရှိပါဘူး...” ရုပ်သံ - Beauty Pageants of Amazing Myanmar
4 years Ago

January 31, 2017

ဆုရဝတ်စုံ ၄၀ ကီလိုဂရမ်လေးကြောင်း ပြောခဲ့သည့် မြန်မာအလှမယ် (ရုပ်သံ)

ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ထက်ထက်ထွန်းက အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သူ့ရဲ့ သရုပ်ပြတင်ဆက်မှု မစတင်ခင်မှာ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ စတိဗ်ဟာဗေးက မေးမြန်းခဲ့ချိန်မှာ ဝတ်စုံရဲ့ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်ရှိတယ်လို့ ဖြေလိုက်တာပါ။ “ဒါဟာ မြန်မာရုပ်သေးတိုင်သစ်ပင်ပုံစံပါ။ ရှင်တို့မြင်တဲ့အတိုင်းပဲ၊ ဒါဟာ လေးလံပုံရတယ် မဟုတ်လား” လို့ သူက မိတ်ဆက်ပြောခဲ့ချိန်မှာ စတိဗ်က တုံ့ပြန်မေးခွန်းထုတ်ခဲ့တာပါ။ “တကယ့်ကို လေးတာပေါ့ရှင်။ ကျမ ဒီဝတ်စုံကို ခုပဲ အမြန်ဆုံး လွှတ်ချလိုက်ချင်တာပဲ။ အလေးချိန်ဟာ ၄၀ ကီလိုဂရမ်လောက် ရှိပါတယ်ရှင်” လို့ သူက ဖြေလိုက်ချိန်မှာ ပရိသတ်တွေက အားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ မြန်မာရုပ်သေးဝတ်စုံနဲ့ ကပြ သရုပ်ဖော်တင်ဆက်ခဲ့တာပါ။ အခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး မယ်စ ကြာဝဠာအလှမယ်ဆုကို ပြင်သစ်နိုင်ငံသူ အိုင်းရစ်စ် မစ်တဲန်နေးက ရရှိခဲ့ပြီး ဟေတီအလှ မယ် ရာကွဲလ် ပဲလစ်ဆီရာနဲ့ ကိုလံဘီယာအလှမယ် အဲန်ဒရေယာ တိုဗာတို့က First Runner-up နဲ့ Second Runner-up ဆုတွေ အသီးသီးရရှိခဲ့ကြတာ ဖြစ်ပါတယ်။
5 years Ago
More News
Up