မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်

July 1, 2016

မြန်မာအလုပ်သမားများကို မမုန်းရန် ထိုင်းပြည်ပြေး ဖေ့ဘွတ်ခ်က ပြော

ထိုင်းနိုင်ငံ ပြည်ပြေးတဦးက ထိုင်းမှာ အလုပ်လာလုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ရန်လိုနှိမ်ချတဲ့ သဘောထားတွေကို ပြောင်းလဲဖို့ ဖေ့ဘွတ်ခ်ကနေတဆင့် တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရာမှာတော့ အလွှာအသီးသီးက ဧည့်ဝတ်ကျေပြွန်စွာ ကြိုဆိုခဲ့တယ်လို့ ချန်တီကောင်ဆန်က လူမှုရေး ကွန်ရက်ဖေ့ဘွတ်ခ်မှာ ဓာတ်ပုံတွေနဲ့အတူ တင်ခဲ့ပါတယ်။ “ထိုင်းတွေ မြန်မာတွေကို မုန်းတီးနေတာ၊ မနာလိုဝန်တိုတာတွေကို သိရတာ နာကျင်မိတယ်” လို့လည်း သူက ရေးသားပါတယ်။ အရင်သီတင်းပတ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းကို သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သူရဲ့ စိုးရိမ်ပူပန်မှုတွေကို သတင်းဌာနတွေက ရေးသားရာမှာ ရန်လိုတဲ့ မှတ်ချက်တွေကို ဖတ်ရတာ စိတ်မကောင်းဘူးလို့လည်း ချန်က ရေးပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား တော်တော်များများကို ဈေးပေါတဲ့ လုပ်သားတွေအဖြစ် မှတ်ထင်ထားသလို လူမှုဖူလုံရေးနဲ့ ထိုင်းအလုပ်သမားတွေ ရရှိတဲ့ အခွင့်အရေးကို မရသင့်ဘူးလို့ ထိုင်းတွေက ယုံကြည်နေတယ်လို့ သူက ရေးပါတယ်။ ဒါအပြင် မြန်မာ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်တွေကို ခိုးယူပြီး နှိမ်တဲ့သဘောနဲ့ ကြည့်ရှုနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ရန်ကုန်က ကျောင်းတခုမှာ စေတနာ ဆရာတဦးအဖြစ် တာဝန်ထမ်းဆောင်ရာမှာတော့ မြန်မာတွေက သူ့ကို အရမ်းခင်မင်ကြသလို သူကို ထိုင်းဖြစ်လို့ ဘယ်သူကမှ မဆန့်ကျင်သလို ထိုင်းတွေကို ကြိုက်နှစ်သက်တယ်လို့ ချန်က ရေးပါတယ်။ ဇွန် ၂၉ ရက်က သူတင်လိုက်တဲ့ ပိုစ့်ကို ၂၃၀၀ နီးပါး ကြိုက်နှစ်သက်သလို လူမှုရေးကွန်ရက် မီဒီယာပေါ်မှာ အများအပြားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် စမွတ်စခွန်မှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်း အလုပ်သမား အခွင့်အရေး မြင့်တင်ရေးကွန်ရက်က အိမ်နီးချင်းတိုင်းပြည်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀ကို နားလည်မှု ပိုမိုမြှင့်တင်ပေးဖို့ ရေးသားထားတဲ့ ပိုစ့်ကိုလည်း ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။ ဒီပိုစ့်မှာ ထိုင်းတွေအနေနဲ့ အမျိုးသားရေးဝါဒကို လျော့ချပြီး ပိုမိုလူသားဆန်ဖို့ တောင်းဆိုထားပြီး၊ ထိုင်းရဲ့ စက်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ လုပ်အားတွေမှာ မြန်မာ အလုပ်သမားတွေက အရေးပါသလို ထိုင်းတွေမလုပ်တဲ့ အလုပ်ကို လုပ်ပေးနေတယ်လို့ ပြောပါတယ်။ ဒီပိုစ့်ကို မျှဝေတဲ့သူ ၂၂၆၂၂ ဦးရှိပြီး ၄၄၀၀၀ ကျော်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါ့အပြင် လူ ၃ သောင်းနီးပါးလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။ အများစုကတော့ ဒီအဖွဲ့ရဲ့သဘောထားကို သဘောတူသလို ဆန့်ကျင်ဖက်အမြင်တွေလည်း ရှိနေပါတယ်။
7 years Ago

June 25, 2016

မြန်မာအလုပ်သမားများကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ကတိပေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်သွားဖို့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို တိုးမြင့် လုပ်ဆောင်ဖို့ ၂ နိုင်ငံ သဘောတူညီခဲ့ပါတယ်။ ဇွန် ၂၄ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့  ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အရေးကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ နားလည်မှု စာချွန်လွှာ ၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင့်တင့်တဲ့ အကျိုးခံစားခွင့်ရရှိဖို့၊ ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးဖို့၊ အတက်ပညာပိုင်းဆိုင်ရာ ပိုမိုကျွမ်းကျင်ဖို့နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ၂ နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့တို့လည်း ပါဝင်ပါတယ်။ ဇွန် ၂၃ ရက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ အလုပ်သမား ကိုယ်စားလှယ်တချို့က လစာ၊ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ပတ်သက်ပြီး တိုင်တန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံသားတွေလိုပဲ တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေးဖို့ တောင်းဆိုလိုက်သလို ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းအလုပ်သမားတွေလို မြန်မာအလုပ်သမားတွေကိုလည်း တန်းတူအခွင့်အရေးရရှိရန် လုပ်ဆောင်ပေးမယ်လို့  ပြောလိုက်ပါတယ်။ အလုပ်သမားတွေ ဒုက္ခရောက်တဲ့အချိန် ဆက်သွယ်နိုင်မယ့် Hot Line ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးမယ်လို့  ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ အပလီကေးရှင်းတွေ ပြုလုပ်ပြီး  ဒုက္ခရောက်ချိန်မှာ အကူအညီတောင်းခံနိုင်အောင် မြန်မာစကားနားလည်တဲ့ အော်ပရေတာတွေကို ရွေးချယ်ခန့် ထားပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်းရှိ  မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်တွေ ရရှိစေလိုတဲ့ အကြောင်း၊ ငါးဖမ်းသင်္ဘောတွေပေါ်က မြန်မာအလုပ်သမားတွေ လူကုန်ကူးခံရတာ၊ နှိပ်စက်ခံရတာတွေ မရှိစေဖို့ နယ်မြေခံတာဝန်ရှိ ပုဂ္ဂိုလ်တွေက ကြပ်မတ်ဆောင်ရွက် ပေးစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ရာထူး ရယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေပါတယ်။
7 years Ago
Up