၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ နီပေါအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂၄ မိနစ်မှာ ရီရီဦး၊ ၄၈ မိနစ်နဲ့ ပွဲပြီးကာနီးမှာ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့ပါတယ်။
နီပေါအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပထမပိုင်း ပြီးခါနီးမှာ နီရူသာပါက သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက "ဒီနေ့ပွဲကတော့ ကလေးတွေရဲ့ ကြိုးစားမှုကြောင့် အနိုင်ရရှိခဲ့တာပါ။ ဒါပေမယ့် အချိတ်အဆက်လေးတွေ လွဲနေသေးတာရှိလို့ သူတို့အမှားတွေကို ထောက်ပြပြီးတော့ နောက်ပွဲတွေအတွက် ပြင်ဆင်သွားမယ်။ နိုင်သင့်တဲ့ပွဲတွေ နိုင်သွားတာ ဝမ်းသာပါတယ်။ ကြိုးစားမှုရဲ့ ရလဒ်က အောင်မြင်မှုတွေဖြစ်စေတယ်။ ကလေးတွေက မိနစ် ၉၀ လုံး ကြိုးစားကစားသွားတယ်။ နီပေါအသင်းက ကြံ့ခိုင်တဲ့အသင်းမျိုး ဖြစ်သလို တဖက်အသင်း ဘောလုံးတည်လို့မရအောင် လိုက်ဖျက်နိုင်တဲ့ အသင်းမျိုးဖြစ်တယ်။ ဆက်ကြိုးစားသွားပါဦးမယ်။ နောက်ပွဲအတွက်ကတော့ သူတို့ရဲ့အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ လိုအပ်ချက် ရှိနေတာလေးတွေကို ပြုပြင်သွားမယ်။ ဒီနေ့ထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုးရရှိအောင် လမ်းညွှန်ပေးသွားမယ်" လို့ ပြောသွားကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
၂၀၂၀ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ဒုတိယအဆင့် ခြေစစ်ပွဲစဉ်တွေ ကျင်းပနေရာမှာ မြန်မာအသင်းဟာ အုပ်စု က မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအုပ်စုက အမှတ်အများဆုံးရတဲ့ အသင်းတသင်းပဲ အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မနေ့က အစောပိုင်းယှဉ်ပြိုင်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ ပွဲစဉ်မှာတော့ အိန္ဒိယက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒါကြောင့် အုပ်စု က အဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာ မြန်မာနဲ့ အိန္ဒိယတို့ နိုင်ပွဲကိုယ်စီရပြီး ၃ မှတ်စီ တူညီနေပေမယ့် သွင်းဂိုးပိုသာတဲ့ မြန်မာအသင်းက အုပ်စုကို ဦးဆောင်နေပါတယ်။
အုပ်စု ဒုတိယပွဲစဉ်တွေအဖြစ် လာမယ့် ဧပြီ ၆ ရက်နေ့မှာ မြန်မာနဲ့ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ နီပေါတို့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago