မြန်မာအမျိုးသမီးအသင်း ဂျပန်၊ တောင်ကိုရီးသားတို့နှင့် ခြေစမ်းပွဲများ ကစားမည်

April 20, 2016

မြန်မာအမျိုးသမီးအသင်း ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ခြေစမ်းပွဲများ ကစားမည်

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ လေ့ကျင့်မှုတွေ ပြန်လည်စတင်နေပြီး ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်နေပါတယ်။ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ သင်္ကြန်တွင်းမှာ ရပ်နားထားတဲ့ လေ့ကျင့်မှုတွေကို ဧပြီ ၁၉  ရက်နေ့မှာ ပြန်လည် စတင်လိုက်ပါတယ်။ မန္တလေးမြို့မှာ ပြုလုပ်မယ့် အခုပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး နယ်သာလန် နည်းပြချုပ် ရော်ဂျာရိုင်နာနဲ့အတူ  လေ့ကျင့်ရေး ပြုလုပ်နေတာပါ။ ဒါ့အပြင် မြန်မာအမျိုးသမီးအသင်းဟာ မေလထဲမှာ ဂျပန်နိုင်ငံမှာ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဂျေလိဂ်က အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာအမျိုးသမီးဘောလုံးလက်ရွေးစင်အသင်း နည်းပြချုပ် ရော်ဂျာရိုင်နာက “မြန်မာနိုင်ငံကိုရောက်တာ ၂ လကျော်ပါပြီ။ နေထိုင်ဖို့ကောင်းတဲ့ နိုင်ငံပါပဲ။ ဒီကို ရောက်တာ ကျနော်ပျော်ပါတယ်။ ဒီအသင်းနဲ့ကော ဒီကဝန်ထမ်းတွေနဲ့ရော အလုပ် လုပ်ရတာလည်း ပျော်ပါတယ်။ ကျနော်တို့မှာ လေ့ကျင့်ချိန်ရှိပါသေးတယ်။ အချိန်မီ ကောင်းကောင်း ပြင်ဆင်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အသင်းကလည်း စိတ်ဓာတ်ခိုင်မာတယ်။ ဒီအသင်းနဲ့အလုပ်လုပ်ရတာ စိတ်လှုပ်ရှားမိပါတယ်။” အမျိုးသမီးအသင်းဟာ ဂျပန်ခရီးစဉ်ကအပြန်မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ တောင်ကိုရီးယား လက်ရွေးစင် အမျိးသမီးအသင်းနဲ့ ဇွန်လ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ ခြေစမ်းပွဲ ထပ်မံကစားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ကစားသမားတွေအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားပြီး၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဒီပြိုင်ပွဲကိုလည်း ရွှေရဖို့အထိ ကြိုးစားသွားမယ်လို့ တိုက်စစ်မှူး ခင်မာလာထွန်းက ပြောပါတယ်။ “ပြိုင်ပွဲတိုင်းကတော့ ခက်ခဲတာရှိတယ်။ လွယ်ကူတာရှိတယ်ပေါ့။ ဘယ်အသင်း တိုင်းကိုမှ ကျနော်တို့တွေ အထင်ကြီးတာမျိုး၊ အထင်သေးတာမျိုး မရှိဘူးပေါ့။ ပြိုင်ပွဲတိုင်းကို ကျနော်တို့ အနိုင်ရရှိအောင် ကစားမယ်။ ဒါ အားကစားသမားတိုင်းရဲ့ စိတ်ဓာတ်ပေါ့။ အခုပြိုင်ပွဲမှာ သြစတြေးလျတို့ပါမယ်။ မလေးရှားတို့ ဘာတို့လည်း ပါမယ်။ ခက်ခဲလားဆိုတော့လည်း ကျနော်တို့ အရင်နှစ် ဥရောပချန်ပီယံမှာတုန်းက သြစတြေးလျလို အသင်းမျိုးကို ယူ ၂၀ မှာခက်ခဲမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ့် တကယ်ကစားကြည့်တဲ့အခါမှာ အကောင်းဆုံး သူတို့ကို ယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်။ အနိုင်ရရှိခဲ့တယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ခက်ခဲတာပဲဖြစ်ဖြစ်၊ လွယ်ကူတာပဲ ဖြစ်ဖြစ် ကျနော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး ကစားသွားမှာပါ။” ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မန္တလေးမြို့ မန္တလာ သီရိကွင်းမှာ ဇူလိုင် ၂၆ ရက်ကနေ သြဂုတ်လ ၄ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ ဒီပြိုင်ပွဲမှာ အိမ်ရှင်မြန်မာက အုပ်စု (ခ) မှာ သြစတြေးလျ၊ မလေးရှား၊ တီမောအသင်းတို့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အုပ်စု (က) မှာတော့ ထိုင်း၊ ဗီယက်နမ်၊ စကာင်္ပူ နဲ့ ဖိလစ်ပိုင်တို့ ပါဝင်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၂ ကြိမ် ချန်ပီယံ ဖြစ်ဖူးထားပြီး ဒုတိယဆုကို ၃ ကြိမ် ရဖူးထားပါတယ်။ လက်ရှိမှာ မြန်မာအမျိုးသမီးအသင်းကို ကစားသမား ၂၆ ယောက်နဲ့ နယ်သာလန် အမျိုးသမီးအသင်း နည်းပြဟောင်းနဲ့ လေ့ကျင်နေတာ ဖြစ်ပါတယ်။
6 years Ago
Up