မြန်မာအမျိုးသမီးများအတွက်

May 6, 2019

မြန်မာအမျိုးသမီးများအတွက် အိမ်အကူသင်တန်းကျောင်း စင်ကာပူလာရောက် ဖွင့်လှစ်မည်

စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်လိုတဲ့ အမျိုးသမီးတွေအတွက် အိမ်အကူသင်တန်းကျောင်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်သင်ကြားပေးဖို့ စင်ကာပူ အန်ဂျီအိုတခုနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးနေတယ်လို့ စင်ကာပူနိုင်ငံထုတ် သည်စထရိတ်တိုင်းမ် သတင်းစာမှာ ဖော်ပြပါတယ်။ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာအမျိုးသမီးအတွက် အချက်အပြုတ် အပါအ၀င် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စင်ကာပူနည်းပြဆရာတွေ မြန်မာနိုင်ငံကို စေလွှတ် သင်ကြားပေးမယ်လို့ နိုင်ငံခြားအိမ်အကူ လူမှုကူညီရေးနှင့်လေ့ကျင့်ရေးအသင်း (Fast) ဥက္ကဋ္ဌ ဆားဆန်ချွန်းက သတင်းမှာ ပြောပါတယ်။ မြန်မာနိုင်ငံအပြင် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း အလားတူ သင်တန်းကျောင်းတွေ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေကြတဲ့ ပြည်ပက အမျိုးသမီး ၂၅၀၀၀၀ လောက်ရှိရာမှာ  အင်ဒိုနီးရှားအမျိုးသမီးတွေက ၁၂၅၀၀၀ နဲ့ အရေအတွက်အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်က ၇၀၀၀၀နဲ့ မြန်မာအမျိုးသမီးက   ၅၀၀၀၀ လောက်ရှိမယ်လို့ Fast အဖွဲ့က ခန့်မှန်းထားပါတယ်။ စင်ကာပူ၊ထိုင်း၊ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံတွေကို အိမ်အကူအလုပ်သမားတွေ စေလွှတ်တာကို မြန်မာအစိုးရက ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားရာကနေ  ဧပြီ ၂၆ ရက်က ပြန်လည်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီးနောက် အိမ်အကူသင်တန်းကျောင်းဖွင့်ဖို့ အစီအစဉ် ဖြစ်လာတာပါ။ မြန်မာအမျိုးသမီးတွေ ပြည်ပမှာအိမ်အကူလုပ်တာကို အစိုးရက ပိတ်ပင်ခဲ့ပေမယ့် ထိုင်းနဲ့ စင်ကာပူ အပါအ၀င် နိုင်ငံရပ်ခြားမှာ မြန်မာအိမ်အကူ အလုပ်သမားတွေ အမြောက်အမြား  ဆက်လက်သွားရောက် လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ Ref: The Straits Times
3 years Ago

September 30, 2016

မြန်မာအမျိုးသမီးများအတွက် တရားမျှတသည့်ဥပဒေ ရှိရန်လိုအပ်

မြန်မာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေအတွက် တရားမျှတတဲ့ ဥပဒေတွေရှိဖို့ လိုသလို ထိုက်တန်တဲ့ အရေးယူမှုတွေလည်း ရှိဖို့လိုနေပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ အရင်ထက် ပိုမိုများပြားလာပြီး    ဒီလိုများပြားလာတာဟာ လက်ရှိကျင့်သုံးနေတဲ့ တရားဥပဒေတွေဘက်က ချို့ယွင်းမှုတွေကြောင့်လို့ အများက ဝေဖန်နေကြတာပါ။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဥပဒေတွေဟာ သူ့ပြစ်ဒဏ်နဲ့သူတော့ ထိုက်တန်တာ ပြဋ္ဌာန်းထားတာပေါ့။ ဒါပေမယ့် တရားရုံးတွေမှာ ထိရောက်တဲ့ပြစ်ဒဏ်တွေ မရဘူး။ ဘာကြောင့်မရလဲဆိုတော့ ရဲတပ်ဖွဲ့က အမှုတည်ဆောက်ပုံတွေ၊ ဥပဒေအကြံပေးပုံတွေ၊ တရားရုံးတွေရဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ပုံတွေ၊ နောက် အဂတိတရားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ နစ်နာတဲ့သူတွေ အမျိုးသမီးတွေဟာ တရားဥပဒေ အကာအကွယ် မရဘူး ဖြစ်လာတယ်” လို့ ပြောပါတယ်။ တကယ်လို့ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပြီဆိုရင်လည်း ပြစ်မှုပြစ်ဒဏ်မျှတမှုရှိဖို့ လိုတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေ ကပြောပါတယ်။ အမျိုးသမီးအရေး ဆောင်ရွက်သူတဦးဖြစ်တဲ့ မခင်လေးငယ်က “အစ်မတို့က အဲဒီ ပြစ်မှုနဲ့ ပြစ်ဒဏ်ပေါ့လေ။ အဲဒီအပိုင်းကဏ္ဍကို အစ်မတို့ သေသေချာချာ ကျကျနန တကယ်ထိရောက်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ဥပဒေမှာ ထည့်သွင်းထားစေချင်တယ်။ ဥပဒေတော့ ရေးဆွဲလိုက်တယ်ပေါ့။ ဘယ်ဟာ ဥပဒေပေါ့။ ဒါပေမဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းက အရမ်းအားနည်းနေတယ်လို့ အစ်မတော့ ထင်တယ်ပေါ့နော်” လို့ ပြောပါတယ်။ မြောက်ဥက္ကလာက အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အလိုမတူ ခိုးယူပေါင်းသင်းတာကို မြောက်ဥက္ကလာပတရားရုံးက ပြစ်ဒဏ် ၂ နှစ်သာ ချမှတ်လိုက်တဲ့အပေါ်ကိုလည်း ဝေဖန်ပြောဆိုမှုတွေများစွာ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း တခြားနေရာတွေမှာလည်း အမျိုးသမီးနဲ့ပတ်သက်တဲ့ အကာအကွယ်ပေးမှုတွေ နည်းပါးနေတဲ့ဖြစ်စဉ်တွေလည်း ကြုံတွေ့နေရတာတွေ ရှိပါတယ်။ လက်ရှိမှာတော့ ဦးစားပေး ရေးဆွဲသင့်တဲ့ ဥပဒေ ၄၈ ခုထဲမှာ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပါဝင်နေပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသွားမယ်လို့ သိရပါတယ်။
5 years Ago
Up