မြန်မာအမျိုးသား

February 22, 2019

စင်ကာပူတွင် တရားမ၀င်သုသာန်ကျင်းတူး မြန်မာအမျိုးသား ၆ ဦး ဖမ်းဆီးခံရ

စင်ကာပူနိုင်ငံ သင်္ချိုင်းတခုအတွင်းမှာ တရားမ၀င်နေထိုင်တဲ့ သုသာန်ကျင်းတူး မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သည်စထရိတ်တိုင်းမ်သတင်းမှာ ဒီက နေ့ဖော်ပြပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မနက်ပိုင်းက ချာချူကန်သင်္ချိုင်းအတွင်းမှာ ဖမ်းမိခဲ့တာလို့ စင်ကာပူလူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (အိုင်စီအေ) က ဆိုပါတယ်။ အသက် ၂၂ နှစ်နဲ့ ၄၂ နှစ်အရွယ်ကြား အဆိုပါ အမျိုးသား ၆ ဦးကို နိုင်ငံတွင်း တရားမ၀င် ဗီဇာသက်တမ်းရက်ကျော်လွန် နေထိုင်မှုအပါအ၀င် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ အဲဒီနေ့မနက်ပိုင်း ၈.၄၀ နာရီလောက်က ကင်းလှည့်စစ်ဆေးချိန်မှာ မြန်မာအမျိုးသားတဦးကို တွေ့ရှိပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့နောက်ကို လိုက်သွားခဲ့ချိန်မှာ သုသာန်တွင်း တရားမ၀င်နေထိုင်တဲ့ နောက်ထပ် အမျိုးသား ၅ ဦးကိုပါ ဖမ်းမိခဲ့တာပါ။ စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အက်ဥပဒေအရ နိုင်ငံတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၃ ချက်အထိ အပြစ်ပေးနိုင်ပါတယ်။ နိုင်ငံထဲကနေ တရားမ၀င် ပြန်လည်ထွက်ခွာသူတွေကိုတော့ စင်ကာပူ ဒေါ် လာ ၂ ထောင်ထိ၊ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ငွေဒဏ် ၂ ရပ် လုံးကျခံစေဖို့ အပြစ်ပေးနိုင်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
2 years Ago

February 28, 2017

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြား ဓားထိုးအသတ်ခံခဲ့ရသည့် မြန်မာအမျိုးသားအမှု ထိုင်းရဲစုံစမ်းနေ

ထိုင်းနိုင်ငံ၊ ပထုံခရိုင်တွင်းက ပင်မင်းဆိုင်တဆိုင်တွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက အမျိုးသား ၅ ဦးက မြန်မာတဦးကို ဓားနဲ့ထိုးပြီး သတ်ခဲ့တဲ့အမှုဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတခုကြောင့်ဖြစ်နိုင်ပြီး ဒါကို ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။ ပထုံရဲဌာန ဒုတိယဗိုလ်မှူးကြီး ဆီရီနက် ချာ့ဒ်ချတ်ထရာကူလ်ထောင်က “Dry Cleaning World ပင်မင်းဆိုင်ကြမ်းပြင်မှာ သွေးတွေပြန့်ကျဲ စွန်းထင်းနေပြီး အနားမှာ ဓားတလက် တွေ့ပါတယ်။ အလောင်းကိုတော့ ကူဆိုလ်ဒ်ဟမ်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ပထုံဆေးရုံကို ပို့ထားပါပြီ” လို့ ပြောပါတယ်။ ဖူးခက်ဂေဇက်သတင်းမှာတော့ သေဆုံးသူ မြန်မာအမျိုးသားဟာ အသက် ၂၂ နှစ်အရွယ် ကိုချစ်လို့ ဖော်ပြထားပြီး သူ့ရဲ့ နောက်ကျောဘက်မှာ ဓားနဲ့ ထိုးသွင်းဒဏ်ရာကို တွေ့ရှိခဲ့ရတာပါ။ “အခင်းဖြစ်တဲ့နေရာမှာ မျက်မြင်တွေ့ရှိသူ သေဆုံးသူရဲ့ သူငယ်ချင်း အမျိုးသမီးဖြစ်တဲ့ ရီနိုင်ကို ကျနော်တို့ စုံစမ်းမေးမြန်းခဲ့ပါတယ်။ တင်နိုင်စိုးလို့ခေါ်တဲ့ လူအပါအဝင် အမျိုးသား ၅ ဦးဟာ ဆိုင်ကယ်တွေနဲ့ ရောက်လာကြပြီး ဆိုင်ထဲဝင် ကိုချစ်ကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့ကြတာပါ။ သူဟာ ထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်နိုင်ဘဲ ဓားနဲ့ထိုးခံခဲ့ရပြီး အဲဒီလူတွေက ထွက်ပြေးသွားခဲ့ကြတာပါ” လို့ ဆီရီနက်က ပြောပါတယ်။ တင်နိုင်စိုးရဲ့ ဇနီးဖြစ်သူဟာ သူ့ကိုထားခဲ့ပြီး သေဆုံးသူ ကိုချစ်နဲ့ အတူနေထိုင်တာမို့ ဒါဟာ မနာလိုမှုနဲ့ လက်စားချေတာ ဖြစ်နိုင်တယ်လို့ ရီနိုင်က ပြောပါတယ်။ လက်ရှိမှာတော့ တရားခံတွေဟာ ကာရွန်ဒေသဆီ ဦးတည်ထွက်ပြေးသွားခဲ့ပြီး ရဲတွေက ရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up