မြန်မာသံအမတ်

October 26, 2018

ကုလအချက်အလက်ရှာအဖွဲ့ ဥက္ကဋ္ဌ သူတော်ကောင်းယောင်ဆောင် ကျင့်ဝတ်ဖောက်ဖျက်နေဟု မြန်မာသံအမတ်ပြော

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌဟာ သူတော်ကောင်း ယောင်ဆောင် ကုလသမဂ္ဂမှာ နေရာရနေသူဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်ကို ကြီးမားစွာ ဖောက်ဖျက် ကျူးလွန်နေသူဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂၄ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်ရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေကို  မြန်မာသံအမတ်က ပြန်လည်ရှင်းလင်း ပြောသွားတာပါ။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ အဆောက်အဦမှာ ကျင့်ဝတ်သိက္ခာကို အလေးမထားတဲ့  လုပ်ရပ်တစ်ခုကိုအသိပေး ပြောကြားလိုကြောင်း၊ ပြီးခဲ့တဲ့ရက်က လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့ (FFM) တို့ရဲ့ အစီရင်ခံစာတွေကို တင်သွင်းတဲ့  တတိယကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပစဉ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို အစည်းအဝေး ခန်းမ(၁)မှာ ဖြန့်ဝေတာ တွေ့ရှိရတယ်လို့ ပြောပါတယ်။ ဒီလိုဖြန့်ဝေခဲ့သူဟာ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ဥက္ကဋ္ဌကြီး မာဇူကီး ဒါရုစ်မန် ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ “ဒီလို သူတောင်ကောင်းယောင်ဆောင်မှုတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ နေရာရရှိနိုင်တာဟာ နားမလည်နိုင်အောင် ဖြစ်ရတယ်၊ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂအပေါ် အရှက်ရစေတယ်၊ ဒီလက်ကမ်းစာစောင်တွေမှာ ကုလသမဂ္ဂအဖွဲ့ဝင်တစ်နိုင်ငံနဲ့ ခေါင်းဆောင်တွေကို လုံးဝ စော်ကားတာသာဖြစ်တယ်၊ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ကို ကြီးမားစွာဖေါက်ဖျက် ကျူးလွန်တာဖြစ်တယ်၊ မြန်မာနိုင်ငံအစိုးရအနေနဲ့  ဒီလုပ်ရပ်ကို အပြင်းထန်ဆုံးအတိုင်းအတာ နဲ့ ပြစ်တင်ရှုတ်ချတယ်၊ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ခွင့်လွှတ်သည်းခံရေးတို့အတွက် လုပ်ဆောင်နေကြတဲ့ ကုလသမဂ္ဂရဲ့ အစည်းအဝေး ခန်းမတွေထဲ အမုန်းစကားတွေနဲ့ ရန်စမှုတွေ ချဉ်းနင်း ဝင်ရောက်လာနေပြီဖြစ်တယ်”လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့ဟာ ကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့် အရေးကိစ္စကို အပိုင်စီးဖို့ ပြောင်ပြောင်းတင်းတင်း ကြိုးပမ်းမှုတွေကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ တည်ကြည်ခိုင်မာမှု လျော့ပါးလာနေတယ်၊ လုံခြုံရေးကောင်စီရဲ့ အစဉ်အလာလုပ်ထုံး လုပ်နည်းတွေကို အလွဲသုံးစားလုပ်တဲ့ မတရားတဲ့လုပ်ဆောင်မှုကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်တယ်လို့ လည်းပြောပါတယ်။ FFM အဖွဲ့ရဲ့အစီရင်ခံစာဟာ အားနည်းချက်တွေ၊ ဘက်လိုက်မှုတွေရှိနေပြီး  အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို သိသာထင်ရှားစွာ တမင် လျော့လျော့ပေါ့ပေါ့ဖေါ်ပြထားတာ စိတ်ပျက်မိကြောင်းနဲ့ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို အကာအကွယ်ပေး အသိအမှတ်ပြုတဲ့ သဘောပင်​ဆောင်နေတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် မြန်မာ ကိုယ်စားလှယ်က ပြတ်သားစွာ ငြင်းဆိုလိုက်ပြီး အိုင်စီစီသို့ လွှဲပြောင်းပေးဖို့  ဘယ်လို တောင်းဆိုချက်မျိုးကိုမဆို မြန်မာနိုင်ငံအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြတ်ပြတ် သားသားပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အချက်အလက်ရှာအဖွဲ့ (FFM)ရဲ့ ဥက္ကဋ္ဌ မာဇူကီး ဒါရုစ်မန်က အစီရင်ခံစာတင်သွင်း ရှင်းလင်းပြောကြားမယ့် အစည်းအဝေးကျင်းပဖို့ကို အဖွဲ့ဝင် (၉)နိုင်ငံဖြစ်တဲ့  ပြင်သစ်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ ဆွီဒင်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ တောင်းဆိုချက်အရ ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကျင်းပမယ့်ကိစ္စအပေါ် ဘိုလီးဗီးယား၊ တရုတ်၊ အီကွေတိုရီရယ်ဂီနီနဲ့ ရုရှားနိုင်ငံတို့က လုံခြုံရေးကောင်စီဥက္ကဋ္ဌထံ ကန့်ကွက်စာပေးပို့ခဲ့လို့ မဲခွဲဆုံးဖြတ်ခဲ့ရပြီး ထောက်ခံမဲ(၉)မဲ၊ ကန့်ကွက်မဲ(၃)မဲနှင့် ကြားနေမဲ (၃)မဲတို့နဲ့  ဆက်လက်ကျင်းပခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- MOFA
2 years Ago

May 16, 2018

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှု ချက်ချင်းရပ်ရန် မြန်မာသံအမတ် သတိပေး

မြန်မာဘက်ရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း တရားမဝင် နေထိုင်သူတွေကို အဆောက်အဦတွေ ဆောက်လုပ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က အကူအညီပေးနေတာဟာ မြန်မာပြည်ရဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုနဲ့ အချုပ်အခြာအာဏာကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာဖြစ်လို့ ချက်ချင်းရပ်တန့်ဖို့ မြန်မာဘက်က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မေလ ၁၄ ရက် က နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးဖွင့်ရှင်းလင်းပွဲတရပ် ကျင်းပရာမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံဘက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းနဲ့ စိတ်ရင်းမှန်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့  နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ရမယ့်အစား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဖင့်နှေးအောင် ဆင်ခြေဆင်လက်တွေ တခုပြီးတခု ပေးနေတာဟာ  စိတ်ပျက်ဖွယ် ဖြစ်တယ်လို့လည်း မြန်မာသံမတ်က ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ အခြေအနေမှန်ကို ဖုံးကွယ်ကာ မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူတွေကို  ပြန်လည်လက်ခံဖို့ ဆန္ဒမရှိကြောင်း တကမ္ဘာလုံးကို ပြောကြားနေတယ်။ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချစေဖို့နဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေ မြင့်မားလာစေဖို့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ မဟုတ်မမှန် ပြောကြားကာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို ပုတ်ခတ်ဝေဖန်နေတယ်၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်” ဘင်္ဂလားဒေ့ရှ်ဘက်က ဒေသတွင်းမှာ အစွန်းရောက်တွေ ပေါ်ပေါက်လာစေဖို့ အမှတ်တမဲ့ ခွင့်ပြုနေတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်တဲ့အကြောင်း ARSA အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ခြေကုပ်ယူနေပြီး၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတို့ အမာခံနယ်မြေတခု မကြာမီ ဖြစ်လာလိမ့်မှာ ဖြစ်ကြောင်း၊ မေလ ၉ ရက်က ၄ ဦးကနေ ၆ ဦးအထိ ပါဝင်တဲ့ အကြမ်းဖက်အုပ်စုဟာ ဘူလူကာလီ ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့ပြီး အသက် ၄၆ နှစ်အရွယ် Mohamed Faisal Ulhaq ဆိုသူကို ခေါ်ထုတ်ကာ ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့လည်း မြန်မာသံအမတ်ကပြောပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း အကာအကွယ်ပေးမယ့်အကြောင်း၊  အထောက်အထား တင်ပြနိုင်တဲ့ စွပ်စွဲချက်တွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမှာ ဖြစ်ကြောင်း၊  ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးနိုင်ရန်ဖို့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထား တင်ပြနိုင်မယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို မြန်မာ့တပ်မတော်က ကြိုဆိုမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ပြောကြားခဲ့တယ်လို့လည်း  သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေဟာ  ဧပြီ ၂၈ ရက်မှ ၃၀ ရက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဧပြီ ၃၀ ရက်မှ မေလ ၁ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်တဲ့ တံခါးဖွင့်ရှင်းလင်းပွဲကို လုံခြုံရေးကောင်စီ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ပိုလန်နိုင်ငံက ဦးဆောင်ကျင်းပပြီး ကူဝိတ်၊ ပီရူး၊ ယူကေ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အမေရိကန်၊ ဆွီဒင်၊ ပြင်သစ်၊ ကာဇက်စတန်၊ အီကွေတိုရီးယားဂီနီ၊ ရုရှား၊ နယ်သာလန်၊ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဆွေးနွေးခဲ့ကြပါတယ်။ ဓာတ်ပုံ-UNSC
3 years Ago
Up