မြန်မာလုပ်သားများ

May 24, 2018

ထိုင်းနိုင်ငံတွင် သစ်စက်များ ရပ်နားထား၍ မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်အချို့မှာ သစ်စက်လုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ရှိနေပါတယ်။ ထိုင်းက ထုတ်လုပ်တဲ့ သစ်သားထည်ပစ္စည်းတွေ တရုတ်နိုင်ငံဘက်က အဝယ်မလိုက်လို့ ထုတ်ကုန် မှန်မှန်မရှိတော့သလို တချို့က သစ်စက်တွေ လုံးဝရပ်နားလိုက်တဲ့အတွက် အလုပ်သမားတွေ အလုပ်အကိုင် သစ်မရခင်ကြား အခက်အခဲဖြစ်နေရတာလို့ အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီထိုင်းတောင်ပိုင်းက သစ်စက်တွေ တော်တော်များများကို တရုတ်က ဝယ်လက်တွေ ပိတ်လိုက်တော့  သစ်စက်ရုံက အမ်အိုယူ အလုပ်သမားတွေ တော်တော်များများ အလုပ်တွေ ပြုတ်ကုန်တာ၊ အဲဒီဘက်မှာ သစ်စက်ရုံတွေက ရာနဲ့ချီရှိတယ်။ ကျနော်တို့ဆီကို တိုင်ကြားလာတာဆိုရင် စက်ရုံပေါင်း ၂၀ လောက်ရှိမယ်။  အလုပ်ပြုတ်တဲ့ အလုပ်သမားတွေလည်း ရာနဲ့ချီ ရှိမယ်လို့ ခန့်မှန်းပါတယ်၊ ကျနော်တို့ကို ဆက်သွယ်လာတဲ့အထဲက ဆိုရင် လွန်ခဲ့တဲ့ရက်ပေါင်း ၂၀ ကျော်၊ တလနီးပါးလောက်ကတည်းက အလုပ်မလုပ်ရတဲ့သူတွေပေါ့။ အလုပ်က နည်းလာတယ်။ ခါတိုင်း ၁၅ ရက် လုပ်ရတာ။ ခုဆို လေး ငါးရက်လောက်ပဲ အလုပ်ဆင်းရတယ်။ လုပ်လိုက် နားလိုက်၊ တချို့က လုံးဝကို မလုပ်ရတော့ဘူး။” အလုပ်မလုပ်ရလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေသူ လူ ၂၀ ကျော် အေအေစီဂေဟာမှာ လာရောက်ခိုလှုံနေရကြောင်း၊ မလာနိုင်တဲ့သူတွေလည်း ဘန်ကောက်ရှိ ဆရာတော် ဦးဇောတိကက စားစရာတွေ စုဆောင်းပြီး ပို့ဆောင်ပေးနေပါတယ်။ အလုပ်သမားတွေ အလုပ်အသစ် ပြန်လည်ရရှိရေး သက်ဆိုင်ရာ အလုပ်သမားအေဂျင်စီတွေနဲ့လည်း ဆက်သွယ်ပေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ Photo : Ye Min
3 years Ago

May 11, 2018

မြန်မာလုပ်သားများကို ထိုင်းအလုပ်ရှင်က လုပ်အားခ ဘတ် ၁၀ သန်းကျော်ဖိုး ပြန်ပေးရန် သဘောတူ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကဘင်ပူရီမြို့နယ်ရှိ  ငါးဖမ်းပိုက်လုပ်ငန်းစက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ထံက ရသင့်ရထိုက်တဲ့ လုပ်အားခ မရတာ ၊ အချိန်ပိုလုပ်ခ မရတာတွေကြောင့် ဆန္ဒပြခဲ့ကြပြီးနောက် အလုပ်ရှင်သူဌေးက  ဘတ် ၁၀ သန်းကျော်ဖိုး လုပ်အားခတွေ ပြန်ပေးဖို့ သဘောတူလိုက်ပါတယ်။ အဆိုပါ ငါးဖမ်းပိုက်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ လုပ်အားခ အပြည့်အဝ မရကြောင်း တိုင်ကြားလာတဲ့အတွက် ကမ္ဘောဒီးယားနယ်စပ်ရှိ  အဆိုပါစက်ရုံကို မေလ ၉ ရက်က သွားရောက်ပြီး လုပ်အားခ ပြန်ရရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုရဲမင်းက ပြောပါတယ်။ “အဲဒီပိုက်စက်ရုံက အလုပ်သမားပေါင်း ၃၂၀ လောက်ရှိတယ်။ အကုန်လုံး မြန်မာပြည်ကလာတဲ့ တိုင်းရင်းသားတွေ၊ ပအိုဝ်းတွေလဲပါတယ်၊ ဗမာလည်း ပါတယ်၊ ကရင်လည်း ပါတယ် ပေါင်းစုံပဲ။  တရားဝင် အထောက်အထားတွေ ရှိတယ်၊ သူတို့က အလုပ်ကို မနက် ၈ နာရီကနေ ည ၈ နာရီ ဆင်းရတယ်။ အဲဒီတော့ တရက်ကို အချိန်ပို ၃ နာရီလု ပ်ပေးနေရတာပေါ့။ လုပ်ခကျတော့ ၃၀၈ ဘတ်ပဲ ရတယ်။ အခုအစိုးရက တိုးမြှင့်သတ်မှတ်ပေးတာက ၃၁၈ ဘတ်ပေါ့။  ၉ ရက်နေ့က သူတို့ ဆန္ဒပြပြီး ကျနော်တို့ ရောက်သွားတော့ ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ သွားညှိပေးတယ်။ မနေ့က သူတို့ အလုပ်ရုံမှာဘဲ အားလုံးညှိနှိုင်းတိုင်ပင်ဆွေးနွေးကြတယ်။ အလုပ်သမားရုံးက အရာရှိတွေရော၊ စစ်တပ်၊ ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါပါတယ်၊ အဲဒီလို ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ ရောက်သွားတဲ့အခါမှာ အလုပ်ရှင်ကလည်း လက်ရှိ လုပ်ခအတိုင်းရော၊ အရင်က အပြည့်မပေးခဲ့တဲ့ လုပ်အားခတွေရော နှစ်နှစ်စာ နောက်ကြောင်းပြန် ပြန်ရှင်းပေးမယ်လို့ သဘောတူလိုက်တယ်  ” အလုပ်သမား ၃၂၀ ကျော်ဟာ အလုပ်ရှင်ထံကနေ ရရန်ရှိတဲ့ လုပ်အားခတွေက တဦးနဲ့တဦး မတူကြဘဲ  အလုပ်သမားတချို့က ဘတ် ၇ သောင်း ၈ သောင်း ၊ တချို့က လေးငါးသောင်းစီရဖို့ရှိပြီး အလုပ်သမားအားလုံးအတွက် စုစုပေါင်း အနည်ဆုံးဘတ် ၁၀ သန်းကျော်ရှိပါတယ်။ အဲဒီငွေတွေကို ဒီလကုန် နောက်ဆုံးထားပြီး ပေးချေမယ့်အကြောင်း အလုပ်ရှင်က ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံ တာဝန်ရှိသူတွေရှေ့မှာ ကတိကဝတ်ပြု လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။ Photo : Ye Min
3 years Ago
Up