မြန်မာလုပ်သား

A d v e r t i s e m e n t With Us

June 27, 2019

တရုတ်တွင် မြန်မာအလုပ်သမား ၇ ဦး မှိုအဆိပ်သင့်၊ ၁ ဦးသေဆုံး 

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် တဖက်ကမ်း တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်တဲ့ မြန်မာလုပ်သမား ၇ ဦးဟာ ကြံခင်းထဲပေါက်တဲ့မှိုတွေ ချိုးစားရာက အဆိပ်သင့်ပြီး ၁ ဦး သေဆုံးသွားပါတယ်။ အဆိပ်သင့်တဲ့ မြန်မာအလုပ်သမားတွေကို တရုတ်ဘက်ခြမ်းဆေးရုံက အခြေခံကုသပေးပြီး ဇွန် ၂၆ ရက်နေ့ညနေက မူဆယ်ဆေးရုံကို ပို့လာကြောင်း၊ မူဆယ်ဆေးရုံမှာ ကုသရေးကိရိယာတွေ မပြည့်စုံတဲ့အတွက် မန္တလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်စဉ် လူနာ ၁ ဦး လမ်းခု လတ်မှာတင် အသက်ဆုံးရှုံးခဲ့တယ်လို့ မူဆယ်ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “တရုတ်ပြည်ကနေပြီးတော့ ကြံစိုက်ခင်းထဲက အလုပ်သမား ၇ ယောက်။ ယောက်ျား ၄  ယောက်၊ မိန်းကလေး ၃ ယောက် ကြံခင်းထဲပေါက်တဲ့ မှိုစားပြီးတော့ အဆိပ်သင့်တာပေါ့နော်၊ တရုတ်ပြည်ထဲမှာ ကျောက်ကပ်ဆေးပေးတေယ်  အစာအိမ်ခွဲပြီးတော့ ဆေးကုပေးတယ်၊ ပြီးတော့ မနေ့က မြန်မာပြည်ဘက်ကို ပြန်လွှဲလာတယ်။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အကြောင်းကြားလို့ ကျနော်တို့အဖွဲ့က မူဆယ်ဆေးရုံကို ပို့ပေးတယ်၊ ညနေ ၅ နာရီ ၄၅ မိနစ်မှာတော့ မူဆယ်ဆေးရုံကနေပြီး မန္တလေးဆေးရုံ ဆက်ပို့ရတယ်။ ကျနော်တို့ ကရုဏာ လူမှုကူညီရေးအသင်းက ကား ၅ စီးနဲ့ ပို့နေတုန်း နမ့်ဖတ်ကာမရောက်ခင် ပန်ဂျလော့အတက်မှာ ဦးထွန်းထွန်းဦး ဆိုတဲ့တယောက်က ဆုံးပါးသွားပါတယ်။ ဒါကြောင့် သူ့ကို ဇာတိမြေ မကွေးတိုင်း စေတုတ္တရာမြို့နယ်ဘက် ပို့ဆောင်ပေးပြီး ကျန်တဲ့ ၆ ယောက်ကိုတော့ မန္တလေးဆေးရုံကို ဒီမနက် ၅ နာရီမှာ ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။” မှိုအဆိပ်သင့်လူနာ ၆ ဦးအနက် ၁ ဦးမှာ အခြေအနေကောင်းသွားပြီဖြစ်ကြောင်း၊ ၂  ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ၃ ဦင်္းမှာတော့ လူးလိမ့်နေဆဲမို့ အခြေအနေမကောင်းဘူးလို့ သူက ဆက်ပြောပါတယ်။ အဆိုပါလူနာတွေဟာ မကွေးတိုင်း စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ဘက်ကဖြစ်ပြီး  ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က မှိုအဆိပ်သင့်ရာမှာ ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီ အကြောင်းကြားခဲ့လို့ တချို့လည်း စိတ်ပူတာကြောင့် လိုက်လာကြတယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။ မြန်မာဘက်ခြမ်းက လူတွေ အများအပြား တရုတ်ပြည်ဘက်ကို အလုပ်သွားလုပ်နေကြပေမယ့် နှစ်နိုင်ငံဆိုင်ရာ အလုပ်သမားငှားရမ်းမှု စာချုပ်မရှိတာကြောင့် တရားမ၀င်လုပ်သားတွေအဖြစ် သွားရောက်လုပ်ကိုင်နေရပါတယ်။
2 years Ago

June 1, 2018

မြန်မာလုပ်သားရာနှင့်ချီ အလုပ်လုပ်နေသည့် ဆိုင်ကယ်ဦးထုပ်စက်ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ခွန်းထိန်းနယ်မြေ ဆဲဒမ်ရပ်ကွက်က မြန်မာလုပ်သားပေါင်း ရာနဲ့ချီ အလုပ်လုပ်နေတဲ့ INDEX အမှတ်တံဆိပ် ဆိုင်ကယ်ဦးထုပ်စက်ရုံမှာ မနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားပြီး စက်ရုံအလုပ်သမား ၅ ဦး ဒဏ်ရာရသွားပါတယ်။ မေလ ၃၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဆဲဒမ်ရပ်ကွက် ထာ့ခမ့်လမ်းရှိ SYK Autoparts Import-Export Co. Ltd. စက်ရုံမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကားအစီးရေ ၃၀ နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ အချိန် ၅ နာရီလောက်ကြာမှ မီးညွန့်ကျိုးသွားတယ်လို့ နယ်မြေခံမီးသတ်တပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ မျက်မြင်သက်သေတဦးဖြစ်သူ စက်ရုံလုံခြုံရေးဝန်ထမ်း နိုင်းဝီရချိုင်း အာတ်အနုန်း ပြောပြချက်အရ မီးခိုးတွေဟာ စက်ရုံပထမထပ် အနောက်ခန်းဘက်ကနေ စတင်ထွက်ပေါ်လာပြီး မီးညွန့်မီးလျှံတွေပါ လိုက်တက်လာကာ အထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၃၀၀ ကျော် ကစဥ့်ကလျား ထွက်ပြေးလာတာလို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ မီးစလောင်တဲ့အခန်းဟာ ဆိုင်ကယ်ဦးထုပ် ဆေးမှုတ်အရောင်တင်တဲ့ဌာနဖြစ်ပြီး ဆေးမှုတ်စဉ် မီးပွားထွက်ကာ တင်နာဆေးရည်နဲ့ ဖော့တုံးပေါ် လွင့်စင်ရာက မီးထတောက်တာဖြစ်ကြောင်း၊ အဲဒီအခန်းထဲမှာလည်း တင်နာဆေးရည်၊ ပလတ်စတစ်နဲ့ အရောင်တင်ဆီတွေ သိုလှောင်ထားတာကြောင့် လောင်စာဖြည့်တင်းပေးနေသလို ဖြစ်သွားရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် အသက် ၄၀ ကျော်ရွယ် ထိုင်းဝန်ထမ်း ၂ ဦး မီးဟပ်ခံရပြီး မီးခိုးမွှန်ကာ သတိလစ်သွားကြောင်း၊ တခြားအလုပ်သမား ၃ ဦးမှာ တိုက်ပေါ်ကခုန်ချလို့ ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်း၊ သူတို့အားလုံးကို ဘန်ပကောက် အင်တာနေရှင်နယ်လ်ဆေးရုံ ပို့ဆောင်ထားပြီး အားလုံး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကယ်ဆယ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။ စက်ရုံမှာ ၅ ထပ်တိုက်ဖြစ်ပြီး အကျယ် ၁ ဧကခွဲရှိ ခြံထဲမှာ ဆောက်လုပ်ထားကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏအားဖြင့် ဘတ် ၁၀ သန်းကျော်မယ်လို့ မီးသတ်တပ်ဖွဲ့က  ခန့်မှန်းထားပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေပြီး ထိခိုက်ဒဏ်ရာရသူ အလုပ်သမား ၃ ဦးမှာ မြန်မာအလုပ်သမား ဟုတ်မဟုတ် ဒီဗွီဘီမှ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။
3 years Ago
More News
Up