မြန်မာယူ-၂၃အသင်း

August 9, 2018

မြန်မာယူ-၂၃ အသင်း ထိုင်းနိုင်ငံတွင် လေ့ကျင့်ရင်း ခြေစမ်းမည် (ဓာတ်ပုံ)

အာရှအားကစားပွဲတော် သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားဘောလုံးအသင်းဟာ ထိုင်းနိုင်ငံမှာ လေ့ကျင့်ခြေစမ်းဖို့အတွက် မနေ့မနက်ပိုင်းက ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ လတ်တလော ထိုင်းနိုင်ငံမှာ လေ့ကျင့်နေပြီး လာမယ့် သြဂုတ် ၁၁ ရက်နေ့မှာ တိုက်စစ်မှူး အောင်သူ အငှားသွားရောက်ကစားနေတဲ့ ထိုင်းလိဂ်-၁ ကလပ် ပုလစ်တယ်ရိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာပါ။ မြန်မာ ယူ-၂၃ အသင်းဟာ နည်းပြချုပ် အန်တွန်နီဟေးလက်ထက်မှာ ခြေစွမ်းပိုင်း ပိုကောင်းလာသလို ပြီးခဲ့တဲ့ Alpine Cup လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာလည်း တောင်ကိုရီးယားယူ-၁၉ အသင်းကို လေးဂိုး သုံးဂိုးနဲ့ ရှုံး၊ အရှေ့အလယ်ပိုင်းက ဘာရိန်း ယူ-၂၃ နဲ့ တဂိုးစီသရေကျပြီး အာဆီယံထိပ်သီး ထိုင်းယူ-၂၃ အသင်းကိုတော့ နှစ်ဂိုး တဂိုးနဲ့ အနိုင်ရကာ ဒုတိယဆု ရခဲ့ပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ ပုလစ်တယ်ရိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားပြီးမှ အပြီးသတ် ကစားသမားစာရင်း ထုတ်ပြန်မှာဖြစ်ပြီး လာမယ့် သြဂုတ် ၁၂ ရက်နေ့မှာ အာရှအားကစားပြိုင်ပွဲ ကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အုပ်စု အက်ဖ်မှာ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ ဓာတ်ပုံ - MFF  
5 years Ago
Up