မြန်မာယူ ၂၂ အသင်းနည်းပြ

February 16, 2019

“ဘောလုံးက ဘောလုံးပါပဲ၊ အနိုင်ရဖို့ပဲ ကြိုးစားသွားမှာပါ” မြန်မာယူ ၂၂ အသင်းနည်းပြ

အာဆီယံ ယူ ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Sunway Hotel မှာ ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာလက်ရွေးစင် ယူ ၂၂ အသင်း နည်းပြချုပ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်က "ကျနော်တို့မှာ ပြင်ဆင်ချိန် ၂ ပတ်ရပါတယ်။ ပြိုင်ပွဲက ကျနော်တို့အတွက် အရေးပါတဲ့ ပြိုင်ပွဲတပွဲ ဖြစ်သလို မတ်လမှာ ပြုလုပ်မယ့် အာရှခြေစစ်ပွဲအတွက် ပြင်ဆင်မှုတခုလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။ မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းဟာ အုပ်စု (ခ) မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား ယူ-၂၂ အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ရှင်အသင်းပါဝင်နေတာကြောင့် ဖိအားဖြစ်စေမလားဆိုတဲ့ ကမ္ဘောဒီးယားမီဒီယာတွေရဲ့ မေးမြန်းမှုကို မစ္စတာ ဗယ်လစ်ဇပိုပေါ့ဗ်က အခုလို ဖြောကြားခဲ့ပါတယ်။ "ကျနော့်အတွက်ကတော့ ရိုးရှင်းပါတယ်။ ဘောလုံးက ဘောလုံးပါပဲ။ အနိုင်ရဖို့ပဲ ကြိုးစားသွားမှာပါ။ အုပ်စု (ခ) က ကြပ်တယ်။ အသင်းတွေ အားလုံးက တောင့်တင်းကြတယ်။ ကမ္ဘောဒီးယားကလည်း အိမ်ရှင်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျနော်တို့ကတော့ နိုင်ငံအတွက် အကောင်းဆုံးကြိုးစားရမှာပါပဲ။” မြန်မာအသင်းဟာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီမှာ အင်ဒိုနီးရှား၊ ၂၀ ရက် ညနေ ၆ နာရီမှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်း၊ ၂၂ ရက် မွန်းလွဲ ၃ နာရီမှာ မလေးရှား အသင်းတို့နဲ့ အသီးသီးယှဉ်ပြိုင်ကစားရမှာပါ။
2 years Ago
Up