မြန်မာယူ-၂၂ အမျိုးသားဘောလုံးအသင်း ဂျပန်နှင့်တရုတ်တွင် သွားရောက်လေ့ကျင့်ရန် စီစဉ်

December 27, 2016

မြန်မာယူ-၂၂ အမျိုးသားဘောလုံးအသင်း ဂျပန်နှင့်တရုတ်တွင် သွားရောက်လေ့ကျင့်ရန် စီစဉ်

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်းဟာ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှုရရေး ပစ်မှတ်ထားနေတာဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံရစေဖို့ ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ကလပ်အသင်းတွေ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်တွေ ရှိတာကြောင့် လေ့ကျင့်မှုတွေကို ရပ်နားထားပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်တဲ့အချိန်မှာတော့ ၁ ပတ်ကို ၁ ရက် စုပေါင်းလေ့ကျင့်သွားမယ်လို့ မြန်မာယူ-၂၂ နည်းပြချုပ် ဦးကြည်လွင်က ပြောပါတယ်။ “ဂျပန်နဲ့ တရုတ်သွားဖို့ စီစဉ်ထားပါတယ်။ လိဂ်ပြိုင်ပွဲကစားနေတဲ့အချိန်မှာ ဗုဒ္ဓဟူးနေ့တိုင်း စုပေါင်းလေ့ကျင့်စေမယ်။ ဆီးဂိမ်းအတွက် လေးလလောက် အချိန်ရပါတယ်။ ကြံ့ခိုင်မှုပိုင်းအတွက်ကိုလည်း ဂျာမန်နည်းပြ ပြန်ခေါ်ထားတယ်” လို့ ဆိုပါတယ်။ မြန်မာယူ-၂၂အသင်းဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဗီယက်နမ်ယူ-၂၁ အသင်းနဲ့ သရေကျခဲ့ပြီး ဂျပန်ကလပ် ယိုကိုဟားမားကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ တောင်ကိုရီးယားကလပ် ဂေါင်ဝမ်နဲ့ အဆင့် ၅ နေရာလုပွဲမှာတော့ ၃ ဂိုးစီ သရေဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ မြန်မာအသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မလေးရှားဆီးဂိမ်းပြိုင်ပွဲကို လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်မှာပါ။ ၂၀၁၅ ခုနှစ်က ကျင်းပတဲ့ စင်ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာတော့ မြန်မာအသင်းက ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ထိုင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
5 years Ago
Up