မြန်မာယူ-၂၁

December 19, 2018

ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်း အကောင်းဆုံးကစားသမားဆုရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ ဗီယက်နမ်ကို ၁ ဂိုး၊ မလေးရှားကို ၁ ဂိုးနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို ၁ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး အိမ်ရှင် ဗီယက်နမ် ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနဲ့ တောင်ကိုရီးယား GIMHAE CFC ယူ-၂၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အုပ်စုတွင်း ပတ်လည်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ၅ - ၂ ဂိုးနဲ့ရှုံး၊ တောင်ကိုရီးယား GIMHAE CFC အသင်းကို ၁ - ၀ ဂိုးနဲ့ ရှုံးပြီး မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုပတ်လည် ယှဉ်ပြိုင်အပြီး အိမ်ရှင် ဗီယက်နမ်အသင်းက ၃ ပွဲစလုံးအနိုင်ရကာ ၉ မှတ်နဲ့ အုပ်စု ပထမရပြီး မြန်မာ၊ မလေးရှားနဲ့ တောင်ကိုရီးယား GIMHAE CFC အသင်းတို့က တပွဲစီနိုင် ရမှတ် ၃ မှတ်စီ တူပေမယ့် မြန်မာအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယနေရာကနေ ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ အုပ်စု ထိပ်ဆုံးနှစ်သင်း နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတာကြောင့် အိမ်ရှင် ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ မနေ့က ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၉၀ မှာ တဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မြန်မာအသင်းက ဦးဆောင်ဂိုးတွေရခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပထမဂိုး၊ ၅၅ မိနစ်မှာ စိုးလွင်လွင်က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဗီယက်နမ်အသင်းအတွက် ချေပဂိုးတွေကိုတော့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်း ၆၃ မိနစ်တို့မှာ သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း သရေကျတဲ့အတွက် အချိန်ပိုမကစားဘဲ ပယ်နယ်တီ ကန်သွင်းရာမှာ ဗီယက်နမ်က ၅ ဂိုးစလုံးဝင်အောင် ကန်သွင်းနိုင်ပြီး မြန်မာက ၃ ဂိုးပဲ ဝင်တဲ့အတွက် ဗီယက်နမ်က ဗိုလ်စွဲပြီး မြန်မာယူ-၂၁ အသင်းကတော့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
2 years Ago

December 17, 2018

ဗီယက်နမ် ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ ဘောလုံးအသင်း ဗိုလ်လုပွဲတက်

ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ဖလား ဝင်ပြိုင်နေတဲ့ မြန်မာယူ-၂၁ အသင်းနဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်နေတဲ့ မြန်မာ့တက္ကသိုလ်ဘောလုံးအသင်းတို့ဟာ ဒေသတွင်း ထိပ်သီးပြိုင်ဘက်တွေကို အနိုင်ရခဲ့ပါတယ်။ ဗီယက်နမ်ဖိတ်ခေါ်ဖလား အဖွင့်ပွဲမှာ ဗီယက်နမ်ကို ၅ ဂိုး ၂ ဂိုး၊ ဒုတိယပွဲမှာ ကိုရီးယားကလပ် ဂင်မဲအက်ဖ်စီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့ မြန်မာယူ-၂၁ အသင်းဟာ တတိယပွဲမှာတော့ မလေးရှားကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် ပရိသတ်တွေက ဆူဇူကီးဖလား ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပြီဆိုပြီး လူမှုကွန်ရက်မှာ ရေးသားမှုတွေလည်း ရှိပါတယ်။ အုပ်စုပတ်လည် ယှဉ်ပြိုင်ပြီးချိန်မှာ မြန်မာယူ-၂၁ အသင်းဟာ တပွဲနိုင်၊ နှစ်ပွဲရှုံးနဲ့ မလေးရှား၊ ကိုရီယားကလပ်အသင်းတို့နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ မြန်မာယူ-၂၁ အသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up