မြန်မာယူ-၁၉အသင်း

A d v e r t i s e m e n t With Us

September 25, 2015

မြန်မာ ယူ ၁၉ အသင်းကို ပြစ်ဒဏ်နှင့် အရေးယူမှုများအကြောင်း သင်ကြား

အာရှ ယူ-၁၉ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၁၉ အသင်းကို ပွဲအတွင်း ကျူးလွန်မိတတ်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမှုတွေအကြောင်း စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက သင်ကြားပေးခဲ့ပါတယ်။ မြန်မာ ယူ-၁၉ အသင်း ဘောလုံးနည်းဥပဒေတွေ ပိုမို ကျေညက်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် ကိုယ်တိုင် လာရောက် သင်ကြားပေးခဲ့တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု ဂျီ ပွဲစဉ်တွေကို စက်တင်ဘာ ၂၈ ရက်နေ့ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအုပ်စုမှာ အိမ်ရှင် မြန်မာ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်းတို့ ပါဝင်ပြီး မြန်မာယူ-၁၉ အသင်းဟာ စက်တင်ဘာ ၃၀ မှာ ဘရူနိုင်း၊ အောက်တိုဘာ ၂ ရက်နေ့မှာ တီမော၊ အောက်တိုဘာ ၄ ရက်နေ့မှာ ဟောင်ကောင်နဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ ဗီယက်နမ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ အာရှ ယူ-၁၉ ခြေစစ်ပွဲကို အုပ်စု ၁၀ စု ခွဲထားပြီး အဲဒီ အုပ်စု ၁၀ စုက အုပ်စုပထမရအသင်း ၁၀ သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်းနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပခွင့်ရထားတဲ့ အိမ်ရှင် ဘာရိန်းအသင်း၊ စုစုပေါင်း ၁၆ သင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ အာရှ ယူ-၁၉ ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရထားတဲ့ အိမ်ရှင် ဘာရိန်းအသင်းဟာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အလိုအလျောက် ယှဉ်ပြိုင်ခွင့်ရထားပေမယ့် အသင်းခြေစွမ်း စမ်းသပ်တဲ့ အနေနဲ့ ခြေစစ်ပွဲအဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာရိန်းအသင်းဟာ သူ့အုပ်စု ခြေစစ်ပွဲမှာ အုပ်စုပထမ သို့မဟုတ် အကောင်းဆုံး အုပ်စုဒုတိယ စာရင်းဝင်ပါက အကောင်းဆုံး အုပ်စုဒုတိယရ ၆ သင်းမြောက်အသင်းဟာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် အုပ်စု ဂျီ ခြေစစ်ပွဲတွေကို တနေ့ ၂ ပွဲနှုန်း ကျင်းပမှာဖြစ်ပြီး မြန်မာအသင်း ပွဲစဉ်တွေကို ညနေ ၆း၃၀ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
5 years Ago
Up