မြန်မာယူ-၁၈ အသင်းနှင့် အင်တာမီလန်ယူ-၁၈ အသင်း ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်မည်

August 8, 2017

မြန်မာယူ-၁၈ အသင်းနှင့် အင်တာမီလန်ယူ-၁၈ အသင်း ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်မည်

လာမယ့် စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U-18 Championship 2017 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့ ပဏာမ မြန်မာ ယူ-၁၈ အသင်းဟာ အင်တာမီလန် ယူ ၁၈ အသင်းနဲ့ ခြေစမ်းပွဲတွေကို သြဂုတ် ၁၁ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ အဲဒီခြေစမ်းပွဲ ၂ ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ညနေ ၆ နာရီအချိန် ကစားသွားကြမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပဏာမ မြန်မာ ယူ-၁၈ အသင်းအနေနဲ့ နောက်ထပ်ပြင်ဆင်မှုတရပ်အနေနဲ့ သြဂုတ် ၂၇ ရက်နေ့မှာ ထိုင်းလက်ရွေးစင် ယူ-၁၉ အသင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွေမှာ ခြေစမ်းပွဲတပွဲ ထပ်မံကစားဖို့လည်း ရှိနေပါတယ်။ ပဏာမ မြန်မာ ယူ-၁၈ အသင်းဟာ ဖီးနစ်(စ်) အမည်နဲ့ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွေမှာ ဝင်ရောင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်က စတင်ကာ Goal ဟိုတယ်မှာ စခန်းသွင်း လေ့ကျင့်နေတယ်လို့ သိရပါတယ်။ ဒီအသင်းကို အုပ်ချုပ်သူ (မန်နေဂျာ) အဖြစ် ဦးမိုးဝေအောင်က တာဝန်ယူထားပြီး နည်းပြချုပ်အဖြစ် ပြင်သစ်လူမျိုး မစ္စတာရာဘာ့(ရှ်) ဘန်လာဘီက လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲလက်မှတ်တွေကို ရိုးရိုးတန်း ၂၀၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်တွေကို လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းတွေမှာ သြဂုတ် ၉ ရက်နဲ့ ၁၀ ရက် ရုံးချိန်အတွင်း ရောင်းချပေးသွားမယ်လို့လည်း အမ်အက်ဖ်အက်ဖ်က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up