မြန်မာယူ-၁၈

April 22, 2019

ဟောင်ကောင်ဖိတ်ခေါ်ဖလား မြန်မာ ယူ-၁၈ အသင်း ဗိုလ်စွဲ

ဟောင်ကောင်မှာကျင်းပတဲ့ Jockey Club International Youth Invitational Football Tournament 2019 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၁၈ အသင်းက စင်ကာပူ ယူ-၁၈ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ရရှိသွားပါတယ်။ မြန်မာယူ-၁၈ အတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ် ၄၀ မှာ ဝေယံစိုးက သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ ပြည့်ဖြိုးအောင်က သွင်းယူပေးခဲ့တာပါ။ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ အိမ်ရှင် ဟောင်ဟောင်အသင်းတွေ ပတ်လည်ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး မြန်မာယူ-၁၈ အသင်းဟာ ဗီယက်နမ်နဲ့ ဂိုးမရှိသရေ၊ အိမ်ရှင် ဟောင်ကောင်အသင်းကို ၂ ဂိုး ဂိုးမရှိ၊ စင်ကာပူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ  ယူ-၁၅ လူငယ်အသင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး မနေ့ပွဲစဉ်မှာ မြန်မာ ယူ-၁၅ အသင်းက မလေးရှား ယူ-၁၅ အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မြန်မာယူ-၁၅ အသင်းဟာ ဒီ​နေ့ မွန်းလွဲ ၁ နာရီမှာ စင်​ကာပူယူ-၁၅ နဲ့ ဆက်​လက်ယှဉ်ပြိုင်ရမှာ ဖြစ်​ပါတယ်​။
3 years Ago

September 18, 2017

မြန်မာယူ-၁၈ ဘောလုံးအသင်းနည်းပြ ဘန်လာဘီကို ရာထူးမှထုတ်ပယ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ဟာ အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့ နည်းပြ ဘန်လာဘီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် မလေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယလုပွဲမှာလည်း အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့တာပါ။ ဒီလိုအခြေအနေတွေကြောင့် နည်းပြ ဘန်လာဘီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ပြင်သစ်မှာ သွားရောက်လေ့ကျင့်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ပြင်သစ်နည်းပြ ဘန်လာဘီကို လာမယ့် ဒီဇင်ဘာလကုန်အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လက်ကျန် ၂ လစာကို ပေးလျော်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ အမ်အက်ဖ်အက်ဖ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာယူ-၁၈ ကစားသမားတွေအနေနဲ့ အာဆီယံပွဲက ရှုံးနိမ့်မှုတွေကို သင်ခန်းစာယူပြီး လာမယ့် အာရှယူ-၁၉ ခြေစစ်ပွဲမှာ အောင်မြင်အောင် ကြိုးစားကြဖို့လည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ် မြန်မာယူ-၁၈ အသင်းကို ကိုင်တွယ်ဖို့ ပြည်တွင်းနည်းပြအဖွဲ့ကို တာဝန်ပေးအပ်မှာဖြစ်ပြီး နည်းပြအဖွဲ့ရဲ့ ဆန္ဒအရ ပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့် ခြေစမ်းသွားမယ်လို့ သိရပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ လာမယ့် နိုဝင်ဘာ ၄ ရက်မှာစတင်မယ့် အာရှယူ-၁၉ ခြေစစ်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။ အာရှခြေစစ်ပွဲမှာ အုပ်စု ၁၀ ခု ခွဲခြားထားပြီး အုပ်စုပထမ ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းက အိမ်ရှင် အင်ဒိုနီးရှားနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားခွင့်ရမှာ ဖြစ်ပါတယ်။
4 years Ago
More News
Up