မြန်မာ ယူ-၂၂ အသင်း ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မဆင်မခြင် ရေးသားမှုအတွက် တောင်းပန်တဲ့အကြောင်းနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ AFF U-22 Championship 2019 ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းအတွက် ယာယီခန့်အပ် တာဝန်ပေးထားတဲ့ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်ကို စော်ကားရေးသားထားတဲ့ ပို့စ်တခု ရေးတင်ထားခဲ့တာပါ။
မြန်မာဘောလုံးအသင်းကို ဝေဖန်နေသူတွေဟာ ကစားသမားတွေနားကပ်ပြီး အရှက်မရှိတဲ့ မျက်နှာနဲ့ အင်္ကျီတောင်းကြတယ်လို့လည်း ဦးဖြိုးကိုကိုလှိုင်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘောလုံးပရိသတ်တွေကို ဝေဖန်ရေးသားခဲ့တာပါ။
ဒီကိစ္စအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကာယကံရှင် ဖြစ်သူကလည်း ပို့စ်ကို ဖျက်သိမ်းပြီး အနူးအညွတ် တောင်းပန်ကြောင်း ပြန်လည်ရေးသားဖော်ပြပြီး ဖြစ်သလို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း ပရိသတ်တွေကို အနူးအညွတ် တောင်းပန်အပ်တယ်လို့ အဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့ပြင် ဂိုးနည်းပြ ဦးအောင်ကျော်ကျော်ကို မြန်မာ ယူ-၂၂ အသင်းနဲ့ ပူးပေါင်းဖို့ ကမ္ဘောဒီယားနိုင်ငံကို စေလွှတ်လိုက်တယ်လို့လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာထားပါတယ်။
2 years Ago