ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ မနေ့ညနေက မြန်မာယူ ၂၂ အသင်းနဲ့ တောင်ကိုရီးယား ကလပ် ပိုဟန်စတီးလားအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ရာ မြန်မာယူ ၂၂ အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာယူ ၂၂ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ အောင်နိုင်ဝင်းရဲ့ အဝေးကန်ချက်ကနေ သွင်းယူပြီး ဒုတိယဂိုးကို ၃၇ မိနစ်မှာ ဝင်းနိုင်ထွန်းက အနီးကပ် ပိတ်သွင်းပြီး ရယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာယူ ၂၂ အသင်းက ပထမပိုင်းတုန်းက ခြေစွမ်းပြတဲ့ ကစားသမား ၁၀ ဦးစလုံးကို လဲလှယ်ကစားခဲ့ပါတယ်။
ပွဲချိန် ၇၃ မိနစ်မှာ တွဲလုံးတွေကနေတဆင့် ကောင်းထက်စိုးက အပြင်းကန်သွင်းပြီး တတိယဂိုး ရယူခဲ့ပါတယ်။
ကိုရီးယားကလပ်အသင်းကလည်း ချေပဂိုးရဖို့ ပြန်လည်တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၇၅ မိနစ်မှာ မြန်မာအသင်း ဂိုးဧရိယာအတွင်းမှာ ကင်ဒေါင်ဘန်းက ဂိုးထောင့်ကျဉ်းကို အပြင်းကန်သွင်းယူခဲ့လို့ ချေပဂိုးတဂိုး ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ မြန်မာယူ ၂၂ အသင်းနည်းပြ ပိုပေါ့က "အသင်းကစားပုံကို ကျေနပ်ပေမယ့် ကြံ့ခိုင်မှုအပိုင်းကို အားမရသေးဘူး။ ဗီယက်နမ် ယူ ၂၂ အသင်းနဲ့ ခြေစမ်းပွဲအတွက် ပြင်ဆင်နေတယ်" လို့ ပြောပါတယ်။
မြန်မာယူ ၂၂ အသင်းဟာ ဇွန်လ ၇ ရက်နေ့မှာ ဗီယက်နမ် ယူ ၂၂ အသင်းနဲ့ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိင်မှာ ဖြစ်ပါတယ်။
4 years Ago