မြန်မာဘက်

April 19, 2019

ထိုင်းဝရမ်းပြေး ၂ ဦးအား မြန်မာဘက်က ပြန်လွှဲအပ်

ထိုင်းနိုင်ငံက မူးယစ်မှုနဲ့ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ ၂ ဦးကို မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါတရားခံ ၂ ဦးကို တာချီလိတ်ခရိုင် လ၀က နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနေ့ ညနေ ၃ နာရီခွဲအချိန် တာချီလိတ်နဲ့ မယ်ဆိုင်ကြားရှိ ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၁ ပေါ်မှာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ချင်းရိုင်းခရိုင် တာဝန်ရှိသူတွေက  လာရောက်လက်ခံသွားပါတယ်။ ထိုင်းတရားခံ ၂ ဦးမှာ စိတ်ကြွမူးယစ်ဆေး လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ အသက် ၃၈ နှစ်ရွယ် နိုင်းဖုန်းဖန်း ခေါ် အေ နဲ့ လူသတ်မှု၊ လက်နက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ အသက် ၃၅ နှစ်ရွယ် နိုင်းချယဖုန်း ဆဲမ်မိုင် ခေါ် အားခုမ်း တို့ဖြစ်ကြောင်း မယ်ဆိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံဘက် တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အခြား ထိုင်း ၂ ဦး၊ မြန်မာ ၂ ဦးတို့နဲ့အတူ ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတာပါ။ သူတို့ ၂ ဦးဟာ ကျိုင်းတုံအကျဉ်းထောင်မှာ အကျဉ်းချခံထားရပြီး ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနိုင်ငံလုံးရှိ အကျဉ်းသားတချို့ လွှတ်ပေးလိုက်ရာမှာ အဆိုပါထိုင်းနိုင်ငံသား ၂ ဦးလည်း လွတ်မြောက်လာခဲ့တာလို့ တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာန ၀က်ဘ်ဆိုက်မှာ ဖော်ပြသွားပါတယ်။
2 years Ago
Up