မြန်မာဖူဆယ်လ်အသင်း

October 8, 2015

၂၀၁၅ အာဆီယံ ဖူဆယ်လ်ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာအသင်း ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်

၂၀၁၅ အာဆီယံ ဖူဆယ်လ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ ပွဲစဉ်အဖြစ် ဖိလစ်ပိုင်လက်ရွေးစင် ဖူဆယ်လ်အသင်းနဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်လ်အသင်းတို့ အောက်တိုဘာ ၈ ရက်နေ့က ယှဉ်ပြိုင်ကစားရာ မြန်မာဖူဆယ်လ်အသင်းက ၁၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆီယံ ဖူဆယ်လ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၈ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေပါတယ်။ အဲဒီပြိုင်ပွဲမှာ အုပ်စု ၂ ခုရှိပြီး အုပ်စု က မှာ ထိုင်း၊ တီမော၊ ဘရူနိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့ ပါဝင်ပြီး အုပ်စု ခ မှတော့ မြန်မာ၊ ဗီယက်နမ်၊ သြစတြေးလျ၊ လာအိုနဲ့ ဖိလစ်ပိုင်အသင်းတို့ ပါဝင်ပါတယ်။ အုပ်စုပွဲစဉ်တွေအပြီး အုပ်စုတခုချင်းစီက ပထမနဲ့ ဒုတိယရအသင်း လေးသင်း ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဆီမီးမှာနိုင်တဲ့ နှစ်သင်း နောက်ဆုံး ဗိုလ်လုပွဲ ဆက်လက်ကစားရမှာပါ။ အခုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့ အသင်း ၄ သင်းဟာ ၂၀၁၆ အာရှဖူဆယ်လ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အောက်တိုဘာ ၉ ရက်နေ့မှာ သြစတြေးလျအသင်း၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဗီယက်နမ်အသင်း၊ အောက်တိုဘာ ၁၂ ရက်နေ့မှာ လာအိုအသင်းတို့နဲ့ အုပ်စုပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းယှဉ်ပြိုင်သွားတဲ့ လာအိုနဲ့ ဗီယက်နမ်တို့ ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက ၁၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
6 years Ago
Up