မြန်မာနဲ့ ကုလသမဂ္ဂဆက်ဆံရေး ဘာတွေဆက်ဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း

December 12, 2017

မြန်မာနဲ့ ကုလသမဂ္ဂဆက်ဆံရေး ဘာတွေဆက်ဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ မြန်မာပြည်မှာ လူသားမျိုးနွယ် မျိုးတုံးသတ်ဖြတ်တယ်၊ Ethnic Cleansing ရှင်းလင်းမှုရှိတယ်ဆိုတာကို လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတွေက အရေးယူပေးဖို့ တင်ပြလာတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ကျပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဖြစ်လာနိုင်ခြေတွေကို ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ The Voice Weekly ဒု-အယ်ဒီတာချုပ် ကိုဇေယျာသူတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာရေ… ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာနဲ့ နိုင်ငံတကာပေါ့၊ ယူအန်နဲ့ ဆက်ဆံရေးမှာ ဘာတွေဖြစ်လာနိုင်လဲ၊ နောက်ဆက်တွဲဂယက်၊ တကယ်ရော မြေပြင်အခြေအနေနဲ့ ဖြစ်နေလား။ ဆက်ပြီးတော့ စောင့်ကြည့်မယ်၊ အရေးယူမယ် အဲဒါတွေက တကယ်ရော အလုပ်ဖြစ်မလား။ အဲဒါကနေ ဆရာ စပြီး ဆွေးနွေးပေးပါဦး။” ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ) “ကျနော် တဦးချင်းအမြင်နဲ့ ပြောမယ်ဆိုရင်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုံးဖြတ်ချက်က မျှတမှုမရှိဘူးလို့ ထင်ပါတယ်။ ပထမအချက်အရ ပြောမယ်ဆိုရင် မြန်မာပြည်မှာ ပြည်တွင်းစစ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေ အများကြီး ယိုးဒယားရောက်နေတာ နှစ်ပေါင်းများစွာကတည်းက ရောက်နေတဲ့ ပြဿနာရှိပါတယ်။ ၂၀၁၁ ပြည်တွင်းစစ် ပြန်ဖြစ်တဲ့အချိန်ကစပြီး ဒုက္ခသည် ၁ သိန်းကျော်က ဒုက္ခသည်စခန်းမှာ ဒီနေ့အထိ ရှိနေတုန်းပဲ။ ဒါပေမယ့် အဲဒါတွေတုန်းက ဘာမှ ဆုံးဖြတ်ချက်မထွက်တဲ့ လူ့အခွင့်အရေးကော်မရှင်က အခုကျမှ ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဘာကြောင့်လဲဆိုတဲ့ ကျနော်တို့ စဉ်းစားစရာရှိတယ်။ လူ့အခွင့်အရေးသည် လူမျိုးတမျိုး၊ ဘာသာဝင်တခုအတွက်ပဲ ရည်ရွယ်နေသလားဆိုတဲ့ စဉ်းစားစရာ ဖြစ်နေတယ်။ လူမျိုးတမျိုး၊ ဘာသာဝင်တခုအတွက်ပဲ ပုံဖော်နေသလားပေါ့။ နောက် ဒုတိယတချက်အနေနဲ့ ပြောမယ်ဆိုရင် မောင်တောဒေသဖြစ်စဉ်မှာ တပ်မတော်ဘက်ကနေပြီးတော့ အလွန်အကျွံ အင်အားသုံးတယ်၊ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိတယ်ဆိုရင် သက်သေအချက်အလက် အခိုင်အမာနဲ့ ထောက်ပြပါ။ ဒါ မဆန့်ကျင်ပါဘူး။ တပ်မတော်က တကယ် ဒီလိုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်ဆိုရင် အခိုင်အမာ အချက်အလက်နဲ့ ထောက်ပြဖို့လိုတယ်။ လက်ခံဖို့ အဆင်သင့်ရှိပါတယ်။ တဖက်ကလည်း လူ့အခွင့်အရေးကော်မရှင် ဆုံးဖြတ်ချက်မှာ ဘင်္ဂါလီအကြမ်းဖက်သမား ARSA အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရှုတ်ချတာ တခုမှမပါဘူး။ သူတို့ အကြမ်းဖက်သတ်ဖြတ်တာ လူ ရာနဲ့ချီ ရှိပါတယ်။ အစောပိုင်း တိုက်ခိုက်မှုတွေ မစခင်၊ တိုင်းရင်းသားတွေ၊ မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ စာကြည့်တိုက်မှူးတွေ၊ ဒီ့နောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေ။ ဒါတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်ထဲမှာ ဘာမှ ပြစ်တင်ရှုတ်ချတာ မပါဘူး။ အခုနောက်ပိုင်း အမေရိကန်လွှတ်တော်က ဆုံးဖြတ်ချက်ထဲမှာတောင် ARSA အဖွဲ့ကို ရှုတ်ချတယ်ဆိုတာ ပါသေးတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင်ထဲမှာ မပါဘူး။ အဲဒီတော့ တဖက်စောင်းနင်း ဖြစ်နေတယ်။ ARSA အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုတွေကို ဘာကြောင့်မရှုတ်ချသလဲ။ ဒီလိုမရှုတ်ချတာ သူတို့ကို အကာအကွယ်ပေးသလို ဖြစ်နေတယ်လို့ ကျနော် မြင်တယ်။ ဒါကြောင့် မမျှတဘူးလို့ မြင်တယ်။ တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံးတယ်ဆိုတာ ဝေဖန်သလို ဒါကို ပြစ်တင်ပါ၊ ဝေဖန်ပါ၊ ရတယ်။ အခိုင်အမာ အချက်အလက်နဲ့ ပြစ်တင်ပါ။ သို့သော် ARSA အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့လည်း သူတို့ ပြစ်တင်ဝေဖန်ဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းအချက်တွေအောက်မှာဆိုရင် တတိယအနေနဲ့ ပြောမယ်ဆိုရင် ဒေသအခြေအနေ သေချာကြည့်ပါ။ အမေရိကန်အထက်လွှတ်တော်အမတ် ဗွီအိုအေ အင်တာဗျူးမှာ ပြောသွားတယ်။ ရခိုင်တိုင်းရင်းသား ဒေသခံတွေနဲ့ ဘင်္ဂါလီတွေကြားမှာ မုန်းတီးမှု အတော်ပြင်းထန်တာ သူ တွေ့ခဲ့ရတယ်။ အဲဒါ အမှန်တရားပဲ။ ဘာကြောင့် ဒါဖြစ်သလဲ။ ဒီအချက်အလက်ကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အပြုသဘောနဲ့ သွားဖို့လိုအပ်တယ်။ လူ့အခွင့်အရေးလို့ပြောရင် ရှေ့မှာ ဒီမိုကရေစီတော့ ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ပြဿနာကို ချဉ်းကပ်ဖို့လိုတယ်။ ပြည်မမှာ မွတ်ဆလင် ၂ သန်းကျော်ရှိတယ်။ သူတို့တွေလည်း ဝင်လာတာကြာပြီ။ သူတို့မှာ နိုင်ငံသားမှတ်ပုံတင်ရှိတယ်။ အစဉ်အဆက်လည်းရှိတယ်။ နောက်ပိုင်းမှ ဝင်လာတဲ့လူလည်း ရှိတယ်။ ၁၉၈၂ ဥပဒေအရဆိုရင် သုံးဆက်လို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် ကျနော်တို့မိတ်ဆွေတွေ၊ ကျနော်တို့နဲ့ ရွယ်တူတန်းတူတွေ၊ ၆၀ တန်းတွေက သူ့အဖေလက်ထက်မှ ဝင်လာတာ။ ဒါပေမယ့် အဖေရော၊ သူရော၊ သူ့သားတွေရော မှတ်ပုံတင်ရှိတယ်။ ဒါကို ကျနော်တို့ မကန့်ကွက်ပါဘူး။ အကြောင်းကြောင်းကြောင့်ရော၊ လ.ဝ.က ဥပဒေရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူတို့သည် နိုင်ငံသားဖြစ်နေတာ ဘာကြောင့်လဲဆိုတော့ သူတို့သည် ဒီမှာ တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်တယ်။ သူတို့သည် တိုင်းရင်းသားအခွင့်အရေး ပေးရမယ်၊ သူတို့အတွက် နယ်မြေပေးရမယ်၊ သူတို့ မတောင်းဆိုဘူး။ ဒီတိုင်းပြည်ထဲမှာ သူတို့ ပြောင်းရွှေ့ အခြေချနေတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖြစ်စဉ်ကို ကြည့်လိုက်ရင် မျှမျှတတ ကြည့်ဖို့လိုတယ်။ အခု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေက တဖက်စောင်းနင်း ဖြစ်နေတယ်လို့မြင်တယ်။ ဒီလိုဖြစ်နေရင် တရုတ်သံအမတ် ပြောသလိုပဲ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးကို အထောက်အကူပြုမယ်လို့ ကျနော်ကတော့ မယုံကြည်ဘူး။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခုကတော့ မြန်မာသံအမတ်ကလည်း အဲဒါအပေါ်မှာ တော်တော်ကန့်ကွက်ခဲ့တယ်။ အထူးသဖြင့်တော့ အကြမ်းဖက်မှုကို မရှုတ်ချဘူး၊ ဒါက ပိုပြီးအလုပ်ဖြစ်တဲ့ဘက်ကို ဦးမတည်နိုင်ဘူးပေါ့။ အထူးသဖြင့် မြန်မာ့ Issue ကို ယူအန်မှာ အမြဲတမ်းလုပ်နေတဲ့အပေါ်မှာ ပြန်ခုခံကာကွယ် ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာဇေယျာသူကို မေးပါရစေ။ မြန်မာနဲ့ ကုလသမဂ္ဂ ဆက်ဆံရေးပေါ့။ ဟိုးအရင် အချက်အလက်ရှာဖွေရေး Facts Finding Mission ကို လက်မခံခဲ့ကတည်းက အခုဆိုရင် ဆုံးဖြတ်ချက်ကျတယ်။ အဲဒါနဲ့ ရှေ့လျှောက် ဘာတွေများ ဆက်ပြီးဖြစ်လာနိုင်လဲ။ အထူးသဖြင့်တော့ နိုင်ငံတကာ မျက်နှာစာမှာပေါ့နော်။ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေ အဲဒါတွေနဲ့ပတ်သက်လို့ ဆက်စောင့်ကြည့်မယ်။ အဲဒါတွေက တကယ်ရော အလုပ်ဖြစ်ပါ့မလား၊ အဲဒါလေး ဆရာ့အနေနဲ့ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ကိုဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice Weekly) “အဓိကကတော့ ပြဿနာဖြစ်နေတာ အကုန်လုံးက လက်ခံထားကြတယ်။ မြန်မာဘက်ကလည်း လက်ခံထားတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း လက်ခံတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်ခံထားတယ်။ အဲဒီအခါကျတော့ ပြဿနာ ဖြေရှင်းရေးပဲ အဓိကသွားရမှာပေါ့။ အခုဟာကတော့ ယူအန်ကတော့ နှစ်မျိုးဖြစ်နေတယ်။ ပြဿနာဖြေရှင်းရေးလည်း ပါတယ်။ တဖက်မှာကျတော့ မြန်မာပြည်ကို ဝေဖန်ရှုတ်ချဖို့ပေါ့။ အဲဒီဘက်ကတော့ သူက နည်းနည်းလေး ပိုများနေတာ တွေ့ရတယ်။ မြန်မာပြည် အရေးအခင်းကလည်း ရှုပ်ထွေးတဲ့ဟာ ဖြစ်တယ်။ ရခိုင်ကိစ္စတခုတည်း မဟုတ်ဘူး။ တနိုင်ငံလုံးကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီတင် မဟုတ်ပါဘူး။ တခြား နယ်ပယ်အကုန်လုံးမှာလည်း အသွင်ကူးပြောင်းရေးက လုပ်နေတဲ့အခါကျတော့ သာမန် လေဟာနယ်ထဲမှာ ဖြစ်နေတာမဟုတ်ဘူး။ ရခိုင်ကိစ္စတို့၊ ပြေးသွားတာ ပြန်ခေါ်ဖို့ ကိစ္စတို့။ အဲဒီအခါကျတော့ ရှုပ်ထွေးတဲ့၊ သိမ်မွေ့တာကိုတော့ ယူအန်အနေနဲ့ ပိုနားလည်အောင် ကြိုးစားသင့်တယ်။ အခုဟာကကျတော့ ပြဿနာဖြေရှင်းရေးထက်စာရင် ဝေဖန်ရှုတ်ချရေးဘက်ကို များနေတဲ့အခါကျတော့ အဲဒီလိုမျိုး ဒါက ရခိုင်ပြည်နယ်ထဲက ဒေသခံတွေရော၊ ဒါမှမဟုတ်လည်း အစိုးရကိုယ်တိုင်၊ မြန်မာပြည်သူတွေက အဲဒီလို စဉ်းစားရင်ကျတော့ ပြဿနာက နိုင်ငံတကာ ဖွံ့ဖြိုးရေးနယ်ပယ်မှာ သုံးတဲ့စကား ရှိပါတယ်။ “Do No Hand” ကူညီဖို့ကြိုးစားရင် ကူညီတာထက် နှောင့်ယှက်တာ ဖြစ်မသွားဖို့က ပထမ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ “Do no hand” အစား “Do more hand” ပိုပြီးအန္တရာယ်ဖြစ်သွားမယ်ဆိုရင် သက်ဆိုင်ရာ ပြဿနာက အဲဒီပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ပြဿနာအသစ်တွေ ပိုပေါ်လာနိုင်တယ်။ ဒီအရေးအခင်းကြီးက နိုင်ငံတကာ နိုင်ငံရေးထဲကို ပါသွားတော့ လူသားကိစ္စတင် မဟုတ်တော့ဘူး။ နိုင်ငံရေးပါ ပါလာတယ်။ နိုင်ငံရေးပါလာတော့ ဘက်ဖြစ်သွားတာပေါ့နော်။ ဟိုဘက် ဒီဘက် ဖြစ်သွားတော့ ဟိုဘက်က မှန်နေရင်လည်း ဒီဘက်က လက်မခံနိုင်၊ ဒီဘက်က မှန်နေရင်လည်း ဟိုဘက်က လက်မခံနိုင် ဖြစ်ပြီးတော့ ပြဿနာဖြေရှင်းဖို့ထက်စာရင် ပိုပိုပြီး ဝေးသွားမယ်။ ကုလသမဂ္ဂ အပါအဝင် မြန်မာပြည်အရေးကို ကူညီဖြေရှင်းပေးချင်တဲ့သူတွေ အနေနဲ့ နံပါတ်တစ်အချက်က မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အခြေအနေ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးတဲ့ အခြေအနေ၊ သမိုင်းကြောင်းပေါ့၊ နောက်ဆုံးအနေနဲ့ကတော့ ဖြေရှင်းဖို့ကို ဦးစိုက်ထားသင့်တယ်ပေါ့နော်။ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲကြ၊ ပြောကြတာတော့ ရှိမှာပဲ။ အဲဒါကိုတော့ ခဏထားပေါ့။ လုပ်ချင်ရင်တော့ ဆက်လုပ်ပါ။ သို့သော် ပြဿနာဖြေရှင်းရေးကိုပဲ အဓိကထားသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် ဒီပြဿနာကနေ နောက်ထပ်ပြဿနာအသစ်တွေ ပေါ်လာလိမ့်မယ်။ မြန်မာပြည်အနေနဲ့ကလည်း Transition ကို မရမက လုပ်ထားရတာ ဖြစ်တဲ့အတွက် အင်မတန်မှကို သိမ်မွေ့တဲ့အခြေအနေ ရောက်နေတယ်။ Transition တခုလုံးကို နောက်ပြန်ဆုတ်သွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ အခုတောင်မှ မြန်မာပြည်အကြောင်းပြောရင် ရခိုင်အကြောင်းပဲ ရောက်ရောက်သွားတဲ့ အခါကျတော့ တခြားပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူရော၊ ငွေရော၊ အချိန်ရော နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေရော သူတို့အာရုံကပါ အဲဒီရောက်နေတဲ့အခါကျတော့ ကျန်တဲ့နေရာတွေမှာ လစ်ဟာနေတာတွေ အများကြီး တွေ့လာရတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
3 years Ago
Up