တရုတ်နဲ့ပွဲခြေစမ်းပွဲဟာ ခက်ခဲနိုင်ပေမယ့် အကောင်းဆုံးတုံ့ပြန်ကစားသွားမယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြကပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ တရုတ်လက်ရွေးစင်အသင်းနဲ့ နမ်ကျင်းမြို့မှာ ဒီနေ့ ခြေစမ်းကစားမှာပါ။
ဒီပွဲဟာ နည်းပြသစ် အန်တွမ်နီဟေးအတွက် မြန်မာနည်းပြဘ၀ ပထမဆုံးပွဲဖြစ်လာမှာပါ။ တရုတ်နဲ့ပွဲမှာ ခက်ခဲနိုင်ပေမယ့် အကောင်းဆုံး တုံ့ပြန်ကစားသွားမယ်လို့ မြန်မာနည်းပြကပြောပါတယ်။
နည်းပြ အန်တွမ်နီဟေးက “ဒီပွဲက လွယ်ကူမှာတော့မဟုတ်ဘူး။ တရုတ်လိုအသင်းနဲ့ အဝေးကွင်းမှာ သွားကစားရတာဟာလည်း ဘယ်တော့မှ လွယ်ကူလေ့မရှိပါဘူး။ ကျနော်တို့အသင်းက ကစာသမားအသစ်တွေနဲ့ အသင်းသစ် တသင်းလိုပါပဲ။ ဒီပွဲအတွက် ပြင်ဆင်ချိန်က ၃ ရက်လောက်ပဲရလို့ အရမ်းနည်းပါတယ်။ ဒါပေမယ့် ကျနော် ရွေးချယ်ထားတဲ့ လူငယ်တွေအနေနဲ့ ခြေစွမ်းဘယ်လောက်ကောင်းတယ်ဆိုတာ သက်သေပြချင်နေပါလိမ့်မယ်။ ဒီလိုအဆင့်အတန်းမြင့်တဲ့ ခြေစမ်းပွဲကစားရတာကိုတော့ ကျေနပ်ပါတယ်။ တရုတ်နဲ့ပွဲမှာ ကျနော်တို့ မှာရှိတဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ကစားနိုင်ဖို့ ကြိုးစားမှာပါ” လို့ ပြောပါတယ်။
တရုတ်နဲ့ပွဲမှာ အရင်ကလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာမျိုးလို့ အဖြစ်ခံမှာမဟုတ်ဘဲ စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမယ်လို့ မြန်မာအသင်းခေါင်းဆောင် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာလက်ရွေးစင်နဲ့ တရုတ်အသင်းတို့ဟာ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်ဆုံးအကြိမ်တွေ့ဆုံဖူးပြီး တရုတ်အသင်းက အဝေးကွင်းမှာ ၄ ဂိုး ဂိုးမရှိ၊ အိမ်ကွင်းမှာ ၇ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။
3 years Ago