မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ

June 28, 2015

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိ ဖွင့်လှစ်လိုက်တဲ့ အဲဒီဂေဟာမှာ အသက် ၉ နှစ်ကနေ ၁၆ နှစ်ကြား မိဘမဲ့ကလေး ၁၁ ယောက်ရှိပြီး အဲဒီထဲက ၂ ဦးဟာ မိခင်က ကလေးဆီ အိပ်ခ်ျအိုင်ဗွီရောဂါပိုး မွေးရာပါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတဦးက မိဘမဲ့ကလေးတွေကို ပညာသင်ကြားပေးရုံသာမကပဲ မိသားစုဝင်တွေလို စောင့်ရှောက်သွားမှာဖြစ်ပြီး သူတို့တွေ ကြီးပြင်းလာတဲ့အခါ အောင်မြင်စေချင်တယ်လို့ ပြောပါတယ်။ အခု စောင့်ရှောက်ထားတဲ့ ကလေးအများစုဟာ ကချင်ပြည်နယ် ကျောက်မျက်မိုင်းတွင်းတွေထဲမှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေး အသုံးပြုမှုတွေ ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး မူးယစ်ဆေး ထိုးအပ် အချင်းချင်း မျှဝေသုံးစွဲတာဟာလည်း သူတို့တွေကြားမှာ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်းကို မြင့်တက်လာစေတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ ဆွေမျိုးသားချင်းဘိုးဘွားတွေ မရှိတော့တဲ့ အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ ကလေးတွေ အခုအချိန်မှာ တနေ့တခြား များလာနေပြီး ကူညီစောင့်ရှောက်ပေးမယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စု ခေါင်းဆောင် ဟီရူးဆုဆူမီက အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ မိဘမဲ့ကလေး အယောက် ၄၀ လောက် ဂေဟာကို ထပ်ရောက်လာဖို့ ရှိပြီး အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
6 years Ago

June 7, 2015

မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ

ပြီးခဲ့တဲ့နှစ်ရဲ့ တွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူ တစ်ရက်မှာ ၂၃ ယောက်ရှိနေတယ်လို့ ယူအန်အေ့ဒ်စ် (UNAIDS) ရဲ့ အိပ်ခ်ျအိုင်ဗွီ  တားဆီးကာကွယ်ရေး အရာရှိ ဒေါက်တာ စိုင်းလုံးတစ်က ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီ နဲ့ လူ့အခွင့်အရေးဆိုင်ရာ မီဒီယာတွေရဲ့ သိမြင်နားလည်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ မနှစ်က အထိ အသက် ၁၅ နှစ်နဲ့ အထက် အိပ်ခ်ျအိုင်ဗွီ  ကူးစက်ခံရသူ ခန့်မှန်းဦးရေဟာ ၂ သိန်း ၀န်းကျင်ရှိနေပြီး ၂၀၁၄ နှစ်ကုန်ပိုင်းထိ စာရင်းတွေအရ အဲဒီထဲက လူပေါင်း ၈ သောင်းခွဲကျော်ပဲ ကုထုံး ဆေးဝါးထောက်ပံ့မှု ရနေတာပါ။ ပြီးတော့ အေအိုင်ဒီအက်စ် နဲ့ စပ်နွယ်တဲ့ ရောဂါတွေကြောင့် မနှစ်က လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဆွေးနွေးပွဲကို တခြားလူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပြီး လိင်အလုပ်သမတွေ၊ လိင်တူချစ်သူတွေ စတာတွေကြားမှာ အိပ်ခ်ျအိုင်ဗွီ  ပျံ့နှံ့နိုင်ပုံနဲ့ တားဆီးဖို့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။ တကမ္ဘာလုံးမှာ အမျိုးသမီး လိင်လုပ်သမားတွေဟာ တခြားသူတွေထက် အိပ်ခ်ျအိုင်ဗွီ  ရောဂါပိုး ကူးစက်နိုင်ခြေ ၁၂ ဆ ပိုများပြီးတော့ အာရှမှတော့ တခြားသာမန် အမျိုးသမီးတွေထက်  ဖြစ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း ပိုများနေတာပါ။ ခန့်မှန်းအားဖြင့်  မြန်မာနိုင်ငံမှာ အမျိုးသမီး လိင်လုပ်သားဦးရေ  ၇၀၀၀၀ ၀န်းကျင် ရှိနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ခန့်မှန်းအားဖြင့် အမျိုးသား လိင်တူချစ်သူ ဦးရေ  ၂၃၀,၀၀၀ ၀န်းကျင်ရှိပြီး သူတို့တွေ ဟာလည်း တခြားသူတွေထက် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်နိုင်ခြေ ၁၉ ဆ ပိုများပါတယ်။ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေကတော့ ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး မနှစ်က အသစ် ကူးစက်ခံရသူတွေရဲ့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။ ဒီအုပ်စုတွေကြားမှာ ရောဂါကူးစက်နှုန်းကို လျှော့ချဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေနဲ့ လူမှု ပတ်ဝန်းကျင် စရိုက်တွေက အဓိက အဟန့်အတားဖြစ်စေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။ [gallery ids="96393,96394,96395,96396"]
6 years Ago
Up